“ရေကြည် လေးမျက်နှာ ငသိုင်းချောင်း ဘက်မှာ AA က အချို့နေရာ တွေကို သိမ်း ထားပြီးနေပြီ ၊ ပုသိမ်နဲ့ ဘာမှ မဝေးဘူး ရှေ့တန်းထွက်ရတဲ့ သူတွေကို ထောက်ပံ့ဖို့ တောင်းတာ” လို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူးတဦးက DNA ကိုပြောပါတယ်။
၂၊ ဇူလိုင်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် ရှိတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ မှာ စစ်ကောင်စီက စစ်မှုထမ်း ထောက်ပံစရိတ်တွေကို အတင်းအကြပ် တောင်း နေပါတယ်။
စစ်မှုထမ်း ထောက်ပံ့စရိတ်ကို အိမ်ထောင်စုဝင် အမျိုးသား အရေအတွက်ပေါ် အခြေခံ ကောက်ခံရာမှာ အရွယ်မရောက် ကျောင်းနေအရွယ်နဲ့ ဝန်ထမ်းတွေကိုပါ ထည့်သွင်းရေတွက်ပြီး တောင်းနေတယ်လို့ သိရပါတယ်။
“ကျွန်မတို့ မိသားစုမှာ အဖေ နဲ့ ကျွန်မက ဝန်ထမ်းပါ။ မောင်လေး နှစ်ယောက်ရှိတယ် တယောက်က ငါးတန်း။ တယောက်က ဒီနှစ် မူလတန်း စတက် တယ်။ ခု အဖေရယ်၊ မောင်လေး နှစ်ယောက်ရယ်၊ ယောင်္ကျားလေး သုံးယောက်အတွက် ပေးရတယ်” လို့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
ဝန်ထမ်းတွေကို စစ်မှုထမ်း ထောက်ပံ့စရိတ် ပေးဆောင်ဖို့ မလိုကြောင်း အထက်က ညွှန်ကြားချက် မရှိသေးတာကြောင့် ဝန်ထမ်းမိသားစုလည်း ပေးဆောင်ရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူးက ပြောတယ်လို့ အဲဒီဝန်ထမ်း အမျိုးသမီးက ပြောပါတယ်။
အိမ်ထောင်စု တစုမှာ အမျိုးသားပါဝင်မှုကို အခြေခံပြီး စစ်မှုထမ်း ထောက်ပံ့စရိတ် တဦးကို ရှစ်သောင်းပေး ရမယ်ဆိုပြီး ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် အတွင်း နေထိုင်တဲ့ အိမ်ထောင်စုတွေကို သက်ဆိုင်ရာ ရာအိမ်မှုးတွေက ဒီလ ဇူလိုင်လဆန်းပိုင်းကစတင်ပြီး တောင်းနေတာပါ။
“ရေကြည် လေးမျက်နှာ ငသိုင်းချောင်း ဘက်မှာ AA က အချို့နေရာ တွေကို သိမ်း ထားပြီးနေပြီ ၊ ပုသိမ်နဲ့ ဘာမှ မဝေးဘူး ရှေ့တန်းထွက်ရတဲ့ သူတွေကို ထောက်ပံ့ဖို့ တောင်းတာ” လို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူးတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်း ထောက်ပံ့စရိတ် တောင်းခံတာမှာ ရပ်ကွက်တခုနဲ့ တခု တောင်းတဲ့ငွေကြေးက မတူပါဘူး။ မြို့ခံလုပ်ငန်းရှင်တွေကတော့ လုပ်ငန်းရှင် တဦးကို ၁၀ သိန်းကျပ် အနည်းဆုံး တောင်းတယ်လို့ ဆိုပါတယ်။
အချို့ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့တွေကတော့ ရပ်ကွက်တွင်း အိမ်တိုင်းစေ့ ကောက်ခံတာမျိုး မလုပ်ပဲ ငွေကြေး တတ်နိုင်သူ အိမ်ထောင်စုတွေထံက တောင်းခံစုဆောင်းပြီး မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကို ပေးသွင်းတယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်မှုထမ်းထောက်ပံ့ စရိတ်ဟာ အိမ်ထောင်စုတစုကို ငွေကြေးဘယ်လောက် ပေးသွင်းရမယ် ဘယ်ကာလ အထိ ပေးသွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်မှုထမ်း ထောက်ပံ့စရိတ်ကို အရင်က ရပ်ကွက်အလိုက် စုဆောင်းပေးရမယ့် စစ်ကောင်စီ စစ်သားအရေ အတွက်ပေါ် မူတည်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က သုံးလ တကြိမ် ပေးသွင်းခဲ့ရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ တောင်လှန်ရေးအင်အားစုတွေက ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ နောက်ပိုင်း စစ်ကောင်စီက ဟင်္သာတ၊ ကျုံပျော်၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း စတဲ့ မြို့နယ်တွေ ဘက်မှာလည်း အတင်းအကြပ် စစ်သား စုဆောင်းတာနဲ့ စစ်မှုထမ်း ထောက်ပံ့ကြေး တောင်းတာတွေ ပိုမိုလုပ်ဆောင် လာပါတယ်။