“(စစ်မှုထမ်း)လိုက်မယ့်သူရှိလို့၊ (သိန်း) ၁၂၀ နဲ့ ငှားတယ်ပြောတာပဲ၊ သူတို့ဟာသူတို့ ငှားတယ်ပြောတာပဲ၊ ကိုယ်တွေလည်း မြင်ရတာမဟုတ်ဘူး” လို့လည်း အထက်ပါ တမံကြီးရွာခံက ပြောပါတယ်။
၂၊ ဇူလိုင်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ တမံကြီးကျေးရွာမှာ စစ်မှုထမ်းကိစ္စ အစည်းအဝေးခေါ်ယူတဲ့အချိန် မလာတဲ့သူများတာကြောင့် မိဘ၊ ဆရာ အစည်းအဝေးလို့ လိမ်လည်ခေါ်ယူ ခဲ့ပါတယ်။
“စစ်မှုထမ်းကိစ္စနဲ့ အစည်းအဝေးခေါ်ရင် လူတွေက မတက်ကြတာများတယ်၊ အခုက အဲလိုမဟုတ်တော့ဘူး၊ ဆရာမတွေကနေတဆင့် ကျောင်းသားတွေကို မှာခိုင်းပြီး ကျောင်းသား၊ မိဘ၊ ဆရာ အစည်းအဝေးဆိုပြီးခေါ်တာ၊ ဟိုရောက်တော့ စစ်မှုထမ်းအတွက် ပိုက်ဆံခွဲတယ်” လို့ တမံကြီးရွာခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ စစ်မှုထမ်းအပတ်စဥ် ၁၅ အတွက် အဲဒီလို အစည်းအဝေးခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးကနေ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့သူ တယောက်ရှိတဲ့ မိသားစုဆိုရင် ငွေကျပ်သုံးသောင်း၊ နှစ်ယောက်ရှိရင် ငွေကျပ် ခုနစ်သောင်း ထည့်ဝင်ရမယ့်အကြောင်း ပြောလိုက်တယ်လို့ ဆိုပါတယ်။
အိမ်ခြေသုံးရာဝန်းကျင်ရှိတဲ့ အဲဒီ တမံကြီးကျေးရွာမှာ စစ်မှုထမ်းအပတ်စဥ်တိုင်း ငွေကြေးထည့်ဝင်ကြရတာဖြစ်ပြီး စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့ သူတွေ မရှိတဲ့ မိသားစုတွေပါ ထည့်ဝင်ကြရတယ်လို့ သိရပါတယ်။
“သတ်မှတ်ထားတဲ့ အသက်(အကျုံးဝင်သူ) မရှိရင်လည်း နှစ်သောင်းထည့်ရတယ်၊ အိမ်တိုင်ရာရောက် ကောက်တာ၊ မထည့်လို့မရဘူး၊ မထည့်တာတို့ အစည်းအဝေးမတက်တာတို့ဆိုရင် မှတ်တမ်းယူထားတယ်ဆိုပြီး ခြိမ်းခြောက်တာ” လို့လည်း တမံကြီးရွာခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ၊ အမျိုးသမီးဆိုရင် ၂၇ နှစ်အထိ အရွယ်ရှိသူတွေ စစ်မှုထမ်းဖို့ အကျုံးဝင်တာဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာတို့လိုလူတွေကတော့ အမျိုးသားက အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးက ၃၅ နှစ်အထိ အရွယ်ရှိသူတွေဟာ စစ်မှုထမ်းရမယ့်အထဲ အကျုံးဝင်ပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ စစ်မှုထမ်းအကြောင်းပြချက်နဲ့ အခုလို ငွေကြေးကောက်ခံတာတွေ တတိုင်းလုံး အတိုင်းအတာနဲ့ ရှိနေတာဖြစ်ပြီး တချို့ဒေသတွေမှာဆိုရင် ငွေကျပ် သိန်းချီထည့်ဝင်ကြရပါတယ်။
အဆိုပါ တမံကြီးကျေးရွာမှာကတော့ စစ်မှုထမ်း အပတ်စဥ် ၃ လောက်အထိသာ စစ်မှုထမ်းလိုက်ရမယ့်လူတွေကို မဲနှိုက်ရွေးချယ်ခဲ့တာရှိပြီး လက်ရှိအချိန်ထိတော့ ငွေကြေးကောက်ခံတာလောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။
“(စစ်မှုထမ်း)လိုက်မယ့်သူရှိလို့၊ (သိန်း) ၁၂၀ နဲ့ ငှားတယ်ပြောတာပဲ၊ သူတို့ဟာသူတို့ ငှားတယ်ပြောတာပဲ၊ ကိုယ်တွေလည်း မြင်ရတာမဟုတ်ဘူး” လို့လည်း အထက်ပါ တမံကြီးရွာခံက ပြောပါတယ်။