ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းခေါ်ယူမှုတွေ ပိုမိုတင်းကျပ်လာတာကြောင့် မိဘတွေ အနေနဲ့ စစ်မှုထမ်းရမယ့် အခြေအနေကနေ တိမ်းရှောင်ဖို့ ကျောင်းနေအရွယ် ကလေးတွေကို ကျောင်းထုတ်ပြီး မိသားစုအလိုက် ရွာကနေ တိမ်းရှောင်ရတာတွေ ရှိလာနေပါတယ်။
၁၊ ဇူလိုင်
“မိဘတွေပြေးလို့ သားသမီးတွေပါ ပြေးရတာ၊ တချို့ဆိုရင် တအိမ်တည်းမှာ နှစ်ယောက်တောင်ရှိကြတယ်၊ ကျောင်းထွက်လက်မှတ်မရှိရင် အဲဒီကလေးတွေ အနာဂတ်လည်း ထင်းခုတ်၊ မျှစ်ချိုးစားရတဲ့ဘဝပဲဖြစ်မှာပါ” လို့ ကျောက်ခဲချောင်းရွာခံ ကျောင်းသားမိဘတဦးက DNA ကို ပြောပါတယ်။
ဂွ-ငါးသိုင်းချောင်း လမ်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်း(အမတ) ၃၄၄ အနီးမှာရှိတဲ့ ကျောက်ခဲချောင်းရွာ အခြေခံပညာအလယ်တန်းကျောင်း(အလက)ကနေ အခုရက်ပိုင်းအတွင်း အဲဒီလို ကျောင်းထွက်သွားတဲ့ ကျောင်းသား ၁၇ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
အခုလို မိသားစုအလိုက် တိမ်းရှောင်သွားတာကြောင့် ကျောက်ခဲချောင်းရွာ စာသင်ကျောင်းကနေ ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားတွေရဲ့ အသက်အပိုင်းအခြားနဲ့ အရေအတွက်အတိအကျကိုတော့ DNA အနေနဲ့ အတည်မပြုနိုင်ပါဘူး။
ကျောက်ခဲချောင်းရွာဟာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲတွေရှိနေတဲ့ အမတ ၃၄၄ နဲ့ နှစ်မိုင်ကျော်အကွာ ဂွ-ငါးသိုင်းချောင်း ကားလမ်းမပေါ်မှာရှိပြီး တိုက်ပွဲတွေကြောင့် အရင်ကတည်းက မိသားစုအလိုက် စစ်ရှောင်သွားတာတွေလည်းရှိပါတယ်။
ကျောက်ခဲချောင်း စာသင်ကျောင်းက အမည်မဖေါ်လိုတဲ့ ကျောင်းဆရာမ တဦးကတော့ အဲဒီကျောင်းကနေ ကျောင်းထွက်လိုက်ရတဲ့သူတွေရှိတဲ့အကြောင်း အတည်ပြုပါတယ်။
“စစ်မှုထမ်းကြောက်လို့ ပြေးတာတော့မသိဘူး၊ စစ်ရှောင်သွားလို့ ကျောင်းထွက်လိုက်တာတွေတော့ရှိတယ်၊ ဒါပေမယ့် ကျောင်းထွက်လက်မှတ်ယူသွားကြတာ၊ ပြီးရင် တခြားကျောင်းမှာ ကျောင်းပြောင်းတက်တာပေါ့” လို့ သူမက ပြောပါတယ်။
စစ်ကောင်စီတပ်က ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တွေထဲ တိုက်ပွဲတွေဆက်တိုက်ရှိလာပြီးနောက် တိုက်ပွဲဧရိယာတွေနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ စစ်မှုထမ်းခေါ်ယူမှုကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေပြီး အဲဒီလို အခြေအနေထဲမှာ ကျောက်ခဲချောင်းရွာလည်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ ကျောက်ခဲချောင်းရွာမှာ စစ်မှုထမ်းအတွက်လို့ဆိုကာ ရွာခံငါးယောက်အထိ ဆေးစစ်ခိုင်းထားပြီး စစ်မှုထမ်းရမှာကြောက်လို့ ထွက်ပြေးနေကြသူလည်း အများအပြားရှိတယ်လို့ သိရပါတယ်။
“အခုတကြိမ်က မထင်ထားလောက်အောင် ပြေးရင် ရှိတဲ့သူခေါ်မယ်ဆိုတော့ တရွာလုံးမှာ (အသက်)လေးဆယ်ကျော်တွေပဲ ကျန်ခဲ့ပါတယ်” လို့ အထက်ပါ ကျောက်ခဲချောင်းရွာခံ ကျောင်းသားမိဘက ပြောပါတယ်။
ကျောက်ခဲချောင်းရွာမှာ ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ်တခုတုန်းကလည်း စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရသူတဦး ထွက်ပြေးသွားခဲ့သေးတယ်လို့လည်း သူက ဆိုပါတယ်။
“တောနေလူတန်းစားရဲ့ ၄၀%(လေးဆယ်ရာခိုင်နှုန်း) က လက်မှတ်ထိုးရရင် ကြက်ခြေပဲ ခတ်တတ်တဲ့အဆင့်ကနေကျော်လာမှာမဟုတ်တော့ဘူး” လို့လည်း ကျောင်းနေအရွယ်ကလေးငယ်တွေ ကျောင်းထွက်နေရတာနဲ့ပတ်သက်လို့လည်း အဲဒီ ကျောင်းသားမိဘက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ကျေးရွာတွေမှာတင်မက မြို့ပေါ်တွေမှာပါ စစ်မှုထမ်းဥပဒေကို အကြောင်းပြလို့ လူငယ်တွေကို ဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေလုပ်နေပြီး အဲဒီလို စစ်မှုထမ်းအဖြစ်စုဆောင်းခံရတဲ့သူတွေအထဲ အသက်မပြည့်သေးတဲ့သူတွေ၊ အခြေခံပညာအဆင့် ကျောင်းသားတွေပါ ပါဝင်လာနေပါတယ်။
ဧရာဝတီတိုင်းထဲကနေ CDM ပြုလုပ်ပြီး လွတ်မြောက်နယ်မြေက စာသင်ကျောင်းတခုမှာ စာသင်နေတဲ့ ကျောင်းဆရာတဦးကတော့ စစ်မှုထမ်းတိမ်းရှောင်လာတဲ့ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထွက်လက်မှတ်မပါလည်း သူတို့စာသင်ကျောင်းတွေမှာ လက်ခံသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
“ကလေးရဲ့ ဉာဏ်ရည်၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့အတန်းကို တက်နိုင်အောင် စီစဥ်ပေးတယ်” လို့ အဲဒီ ကျောင်းဆရာက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးကတည်းကနေ နိုင်ငံတဝန်း တပ်သားအသစ်တွေ ဆက်တိုက်စုဆောင်းလာခဲ့ရာ အခုဆို အပတ်စဥ် ၁၄ အထိ ရှိလာနေပြီဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအပတ်စဥ် တခုချင်းစီအတွက် တပ်သားအသစ် ငါးထောင် စုဆောင်းနေတယ်လို့ ပြောထားပြီး ဧရာဝတီတိုင်းကနေ အပတ်စဥ်တိုင်းအတွက် ငါးရာဝန်းကျင် စုဆောင်းခံနေရတာလို့ သိရပါတယ်။