စစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရေကြည်နဲ့လေးမျက်နှာမှာ ၃လအတွင်းအရပ်သား၁၈ဦးသေဆုံး၊၂၈ဦးဒဏ်ရာရ

“ သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တဦးလည်းပါဝင်ပါတယ်။ဒဏ်ရာရှိခဲ့သူတွေထဲမှာတော့ သက်ကြီးရွယ်အိုတွေပါဝင်တဲ့အပြင် ၉ နှစ်အရွယ် ကလေးငယ်တဦးလည်းပါ ဝင်ပါတယ်။”

၁၊ဇူလိုင်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တလခွဲကာလအတွင်း ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်က အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ တယ်လို့ အမှတ်၂၉နည်းဗျူဟာ၊ဧရာဝတီ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLF တို့က ပူးတွဲထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြုစုထားတဲ့စာရင်းဇယားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သေဆုံးခဲ့သူ ၉ ဦးဟာ ရေကြည်မြို့နယ် ဂွေးပင်ထောင့်ရွာနဲ့ လေး မျက်နှာမြို့နယ် လဲခုံကြီးရွာ ၊ စောပြာရွာ ၊ တုံးတောရွာ ၊ ရှမ်းကွင်းရွာနဲ့ စေတလုံးတောင်ခြေက ဖြစ်ပါ တယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တဦးလည်းပါဝင်ပါတယ်။ သေဆုံးသူတွေ အနက် ၁ ဦးကတော့ ၁၂၀မမ  (mm )လက်နက်ကြီးကျည်ထိမှန်ခဲ့တာဖြစ်ပြီးကျန်၈ ဦးကတော့ Y  12 လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် သေဆုံးခဲ့ရတာပါ။

ဒဏ်ရာရှိခဲ့သူတွေကတော့ ရေကြည်မြို့နယ် ဂွေးပင်ထောင့်ရွာနဲ့ လေးမျက်နှာမြို့နယ် လဲခုံကြီးရွာ ၊ ဝါး တောကွင်းရွာ ၊ တုံးတောရွာ ၊ ထုံးဘိုရွာ ၊ ချင်းလယ်ရွာအပါအဝင် စေတလုံးတောင်ခြေက အရပ်သား ပြည်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒဏ်ရာရှိခဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေပါဝင်တဲ့အပြင် ၉ နှစ်အရွယ် ကလေးငယ်တဦးလည်းပါ ဝင်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကျေးရွာတွေကို စက်တပ်လေထီးတွေ ၊ ၁၂၀မမ လက်နက် ကြီးတွေ ၊ ဒရုန်းတွေ အပါအဝင် Y  12 လေယာဉ်ကို အသုံးပြုပြီးတိုက်ခိုက်ခဲ့တာပါ။

ဧရာဝတီ PDF နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLF တို့ရဲ့ ထုတ်ပြန်ချက်အရ ဧပြီလနဲ့ မေလပထမအပတ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေကြည်မြို့ နယ်နဲ့ လေးမျက်နှာမြို့နယ်က အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါကြောင့် ဧရာဝတီတိုင်းမှာ သုံးလခန့်

ကာလအတွင်း အရပ်သားသေဆုံးမှုဟာ စုစုပေါင်း ၁၈ ဦးအထိရှိလာပြီး ဒဏ်ရာရရှိမှုဟာ ၂၈ ဦးအထိရှိလာခဲ့ပါတယ်။ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီ ဘက်က လက်လွှတ်ဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွတ်ဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေကို ဇွန်လတတိယအပတ်လောက်မှာ နေ့စဉ်နေ့ တိုင်း လေကြာင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တိုက်ပွဲတွေနဲ့ ၇ မိုင်ဝန်းကျင်မှာနေထိုင်သူတဦးကပြော ပါတယ်။ လေယာဉ်နဲ့ပစ်လိုက်တဲ့ ကျည်တွေက ကျွန်တော်တို့ ရွာပေါ်ကနေ ဖြတ်သွားတာကို အတိုင်း သားမြင်ရတယ် လို့ သူကဆက်ပြောပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်က အမြောက်တပ် ၃၄၄ ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာ ၄ လခန့်ရှိပါပြီ။ လက်ရှိအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေဟာ အမြောက် တပ် ၃၄၄ အနောက်ဘက်နဲ့ မြောက်ဘက် (လေးမျက်နှာအပါအဝင်) က ကျေးရွာပေါင်း ၁၅ ရွာခန့်ကို သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။