ကျုံတနီးကစာပေပညာရှင်

၁၊ဇူလိုင်

ဧရာဝတီမြစ်ကို ဖြတ်တဲ့ ဗိုလ်မြတ်ထွန်းတံတားပေါ်က ဆင်းလာပြီး ဟင်္သာတဘက်ကို သွားရင်
ဓနုဖြူမြို့ကို ရောက်ပါတယ်။ ဓနုဖြူမြို့ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာ ရှိပြီး နယ်ချဲ့အင်္ဂလိပ်ကို ရွပ်ရွပ်ချွန်ချွန် တော်လှန်ခဲ့တဲ့ သမိုင်းထဲက မြို့တမြို့ပါ။သည်မြို့မှာ စစ်သူကြီးမဟာဗန္ဓုလကျဆုံးခဲ့ရပြီး သူ့အုတ်ဂူလည်း ယခုတိုင် ရှိပါသေးတယ်။

ဓနုဖြူကနေ ကျုဲပျော်ဘက်ကို သွားတဲ့လမ်းခွဲ အတိုင်းသွားရင် ကျုံတနီးဆိုတဲ့ ရွာကိုရောက်ပါတယ်။ရှေးကမွန်လူမျိုးတွေ နေထိုင်ခဲ့လို့ မွန်နာမည်ရနေတဲ့ ရွာကလေးပါ။

အဲဒီ့မွန်ရွာလေးမှာ မြန်မာစာပေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့  စာပေပညာရှင်တဦး မွေးဖွားခဲ့ပါတယ်။သူကတော့ ဆရာမောင်ခင်မင်-ဓနုဖြူဖြစ်ပါတယ်။၁၉၄၂ – ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့မှာ ဓနုဖြူမြို့ ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့က ဖွားမြင်ခဲ့ပါတယ်။ အမည်ရင်းမှာ ဦးခင်အေးဖြစ်ပါတယ်။

၁၉၅၄ ခုနှစ်မှာ ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့က စစ်ဆေးသော စတုတ္ထတန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်ခဲ့ပါတယ်။၁၉၅၇ခုနှစ်မှာ သတ္တမတန်းနှင့် အလယ်တန်းပညာသင်ဆု (စကောလားရှစ်)စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု(စကောလားရှစ်)ဆုရရှိပါတယ်။။၁၉၅၇ခုနှစ် အလယ်တန်းကျောင်းသား ဘဝကတည်းက စာနယ်ဇင်းများတွင် ဆောင်းပါးများ စရေးပါတယ်။

၁၉၅၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာစာ၊ သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်ပြီး တစ်ပြည်လုံး၌ မြန်မာစာ အမှတ်အများဆုံး ရရှိပါတယ်။ငွေတာရီရွှေတံဆိပ်ဆုနှင့် လှသမိန်ရွှေတံဆိပ်ဆု တို့ကိုပါ ချီးမြှင့်ခြင်းခံရသည့်အပြင် တက္ကသိုလ် ပညာသင်ဆုကိုပါ ရရှိခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာအထွေထွေဂုဏ်ထူးဘွဲ့ကို ပထမတန်းဖြင့် အောင်မြင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး ) ရရှိပါတယ်။

၁၉၆၃ခုနှစ်မှာ ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဆက်လက်၍ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ပြီးနောက် ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင်  မြန်မာစာဧည့်ပါမောက္ခ  (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၀၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊မြန်မာစာဌာန ပါမောက္ခ အဖြစ်မှ အငြိမ်းစားယူခဲ့ပါတယ်။

၂၀၀၂ ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့မှ  ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်အပ်နှင်းခြင်းခံရပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီး ဇနီးဒေါ်စုစုနွယ်(တွဲဖက်ပါမော က္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ နေထိုင်ခဲ့ပါတယ်။

အငြိမ်းစားယူပြီး ရေးသားသောမြန်မာစာလုံးပေါင်း သတ်ပုံဆိုင်ရာ လူထုပညာပေး ဆောင်းပါးများမှာ အထူး လူကြိုက်များပါတယ်။ ဆရာဟာ ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ စာပေဗ္ဗိမာန်စာတမ်းဖတ်ပွဲများတွင် ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေဆိုင်ရာ စာတမ်းငယ်ဆိုင်ရာ စာတမ်းများကို ရေးသားပြုစု ဖတ်ကြားခဲ့တဲ့အပြင် ဆရာဟာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာနတွင် တွဲဖက်ပါမောက္ခ (ပြင်ပပညာရှင်) အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီ(အဖွဲ့ဝင်)၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ပါရဂူသင်တန်း ဦးစီးကော်မတီ(အဖွဲ့ဝင်)၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန၊ မြန်မာစာအဖွဲ့ (အချိန်ပြည့်အဖွဲ့ဝင်) အဖြစ် ကွယ်လွန်သည့် အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လွန်ခဲ့သော ၆ နှစ်လောက်က ရန်ကုန်တက္ကသိုလ် ထဲမှာ မာစတာတန်းတွေကို အချိန်ပိုင်းစာလာပြရင်း တပည့်တွေနဲ့ သူငယ်ချင်းလို ရင်းရင်းနှီးနှီး နေတတ်တဲ့ အပြုံးမျက်နှာကို မြင်တွေ့ရဘူးပါတယ်။

ဆရာဟာ  ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက် ည ၁၂ နာရီခွဲမှာ ရန်ကုန်မြို့မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဆရာကြီးဟာ အသက်(၈၅)နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။

ဆရာမောင်ခင်မင်ဟာ မြန်မာစာပေအတွက် အလေးထားအပ်တဲ့ စာပေ စာအုပ်များစွာ ရေးသားခဲ့တဲ့အပြင် သူ့တပည့်အားလုံးကလည်း ပဲ့ပြင်ဆုံးမ သင့်ရာအပ်စေ ဆိုတဲ့ ဆရာ့ဝတ်နဲ့ ညီကြောင်း ဆရာကွယ်လွန်ချိန်မှာ လွမ်းဆွတ်တသ ပြောကြပါတယ်။

မြန်မာစာပေလောက အတွက် ဦးခိုက်ရတဲ့ ဆရာတဆူအဖြစ် ကျုံတနီးသားတွေ ဂုဏ်ယူကြစမ်းပါဗျာ။