“အမြောက်တပ်ဆင်ဖို့ မြေနေရာချတာ၊ ဘန်ကာပြင်ဆင်တာတွေ လုပ်နေကြတယ်၊ အဲဘက်ကနေ ထပ်တိုးပစ်ဖို့ စီစဥ်နေတယ်လို့ ယူဆရတယ်၊ အမြောက်ကတော့ မရောက်လာသေးဘူး” လို့ငါးသိုင်းချောင်းမြို့ခံက ပြောပါတယ်။
၃၀၊ ဇွန်
—- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရဲ့ တဖက်ကမ်း ဒေါင့်ကြီးရွာမှာ စစ်ကောင်စီတပ်က တပ်ချထားပြီး လက်နက်ကြီးပါ တပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဒေါင့်ကြီးအထက်ပိုင်း ရွှေကျောင်း(ဘုန်းကြီးကျောင်း)မှာ အရင်က တပ်စွဲတယ်၊ အဲဒီတပ်တွေကို ငါးသိုင်းချောင်း တံတားအောက် ဆောက်လုပ်ရေးဗိုလ်တဲအဟောင်းကို ရွှေ့လိုက်တယ်၊ ဒီနေ့တော့ ကျုံပျော် ၃၆ တပ်က ရွှေကျောင်းမှာ အင်အားတချို့နဲ့ ဝင်လာတပ်စွဲတယ်” လို့ ငါးသိုင်းချောင်းမြို့ခံတဦးက DNA ကို ပြောပါတယ်။
ကျုံပျော်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၃၆ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို လာရောက်တပ်စွဲလိုက်တာလို့ သူက ဆိုပါတယ်။
ဒေါင့်ကြီးရွာဟာ ငါးသိုင်းချောင်းမြို့နဲ့ ပုသိမ်မြစ်သာခြားပြီး လက်ရှိ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တွေထဲက ဒေသတွေနဲ့လည်း ဆယ်မိုင်လောက်သာ ဝေးပါတယ်။
“အမြောက်တပ်ဆင်ဖို့ မြေနေရာချတာ၊ ဘန်ကာပြင်ဆင်တာတွေ လုပ်နေကြတယ်၊ အဲဘက်ကနေ ထပ်တိုးပစ်ဖို့ စီစဥ်နေတယ်လို့ ယူဆရတယ်၊ အမြောက်ကတော့ မရောက်လာသေးဘူး” လို့လည်း ငါးသိုင်းချောင်းမြို့ခံက ပြောပါတယ်။
ငါးသိုင်းချောင်းမြို့နဲ့ ဆယ်မိုင်ခန့်အကွာ ဂွ-ငါးသိုင်းချောင်း လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ရင်း(အမတ) ၃၄၄ ဝန်းကျင်အထိ AA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ရောက်လာပြီးနောက် စစ်ကောင်စီတပ်က ငါးသိုင်းချောင်းမြို့အဝင် အခုလို တပ်ချလာတာဖြစ်ပါတယ်။
အလားတူပဲ ဂွ-ငါးသိုင်းချောင်းကားလမ်းနဲ့ ပုသိမ်-မုံရွာကားလမ်း ဆုံရာမှာရှိတဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာလည်း ပြီးခဲ့တဲ့လပိုင်းအတွင်းကပဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တပ်ဆင်ခဲ့ပြီး တိုက်ပွဲဖြစ်တဲ့ ဒေသတွေဘက် ပစ်ကူပေးလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ငါးသိုင်းချောင်းမြို့နဲ့ ဆယ်မိုင်ဝန်းကျင်စီလောက်သာဝေးတဲ့ ရေကြည်မြို့နယ်ထဲက အမတ ၃၄၄၊ လေးမျက်နှာမြို့နယ်ထဲက ပုသိမ်-မုံရွာ ကားလမ်းပိုင်း နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ရှိနေပါတယ်။