ပုသိမ်ထောင်သစ်ဆောက်ဖို့ မြေယာအသိမ်းခံရတဲ့ တောင်သူတွေ သုံးနှစ်ကျော်အထိ လျှော်ကြေးမရသေး


“ဘိုးဘွားအဆက်ဆက်အဲ့ဒီမြေယာတွေကိုလုပ်ကိုင် လာလို့ ပြေစာအထောက်အထားတွေ ရှိပါတယ်။တိုင်းအစိုးရရုံးကိုတင်ပြထားတယ်၊အကြောင်းပြန်
တာ မရှိဘူးခု မြေမဲ့ယာမဲ့စိုက်ပျိုးလုပ်ကိုင် စားသောက်ဖို့ မြေမရှိတော့လို့ ဘောက်အလုပ်တွေ လိုက်လုပ်နေရတယ်”

၂၉၊ဇွန်လ။

ပုသိမ်ထောင်သစ်ဆောက်ဖို့အတွက် အကြောင်းပြပြီး လယ်ယာမြေနဲ့ ဥယာဉ်ခြံမြေတွေ သိမ်းဆည်းခံရတဲ့ ဒေသခံတောင်သူတွေဟာ အချိန် ၃ နှစ် ကျော် အထိ မြေယာတန်ဘိုး နစ်နာကြေးငွေ နဲ့ မြေယာအစားထိုး နေရာချပေးတာတွေ မရကြသေးပါဘူး။
“လျော်ကြေး နစ်နာကြေး ရဖို့က ဘယ်သူကို ပြောရမယ် မသိဘူး။ ရွာက အုပ်ကြီးကို မေးတော့ အုပ် ကြီးက သူသိမ်းတာ မဟုတ်ဘူး။ အထက်ကသိမ်းတာ အဲ့တော့ သူဘာမှလုပ်မပေးနိုင်ဘူး ပြော တယ်။ အချိန်တန်တော့ ရမှာပေါ့လည်းပြောတယ်။ ၃ နှစ် ကျော်လာပြီ မရသေးဘူး” လို့ မြေသိမ်းခံတောင်သူတဦးက DNA ကိုပြောပါတယ်။

ပုသိမ်မြို့နယ်အတွင်းက ရွှေမြင်တင်ကျေးရွာ၊ ဝါးယားချောင်းကျေးရွာ နဲ့ အနောက်တောင်တိုင်း စစ် ဌာနချုပ် တိုင်းဗဟို ၅ လေ့ကျင့်ရေးတပ်တို့ ဆုံရာအနီးက တောင်သူတွေ ဓါးမဦးချ လုပ်ကိုင်နေတဲ့ လယ်မြေနဲ့ ဥယာဉ် ခြံမြေ ဧက ၇၀၀ ကျော်ကို စစ် တပ်က အာဏာသိမ်းပြီး တနှစ်အကြာမှာ သိမ်းယူခဲ့တာပါ။

သိမ်းဆည်းခံရတဲ့ မြေယာတွေဟာ ဘိုးဘွားစဉ်ဆက် ခုတ်ထွင် လုပ်ကိုင် စိုက်ပျိုးလာခဲ့ကြတာ ခေတ် အ ဆက်ဆက်ရှိခဲ့ပြီး အခွန်ပြေစာတွေ ရရှိကာ အချို့လယ်မြေတွေက လယ်ယာမြေ လုပ်ကိုင် ပိုင်ဆိုင်ခွင့် ပုံ စံ ၃၊ ပုံစံ ၇ တို့ ရရှိထားပြီး ဖြစ်တယ်
လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ထောင်သစ် တည်ဆောက်ဖို့ သတ်မှတ်သိမ်း
ဆည်း လိုက်တဲ့မြေယာတွေဟာ အစိုးရတရပ်က စီမံခန့်ခွဲခွင့်ရှိတဲ့ လစ်လပ်မြေဖြစ်တာကြောင့် အဲဒီ မြေနေရာပေါ်မှာ ကျူးကျော်လုပ်ကိုင်နေတာကို ဖယ်ရှားရတာလို့ စစ်ကောင်စီ လက်အောက်ခံကြေးတိုင် နဲ့ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။

မြေသိမ်းခံရတဲ့ တောင်သူတဦး ကတော့ “ဘိုးဘွားအဆက်ဆက် အဲ့ဒီမြေယာတွေကို လုပ်ကိုင်လာလို့ ပြေစာ အထောက်အထားတွေ ရှိပါတယ်။တိုင်းအစိုးရရုံးကိုတင်ပြထားတယ် ၊ အကြောင်းပြန်တာ မရှိဘူးခု မြေမဲ့ယာမဲ့ စိုက်ပျိုးလုပ်ကိုင် စားသောက် ဖို့ မြေမရှိတော့လို့ ဘောက်အလုပ်တွေ လိုက်လုပ်နေရတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ သိမ်းဆည်းထားတဲ့ မြေယာတွေကို စစ်ကောင်စီက မြေပြုပြင်မှုတွေလုပ်နေပြီးအကျဉ်း ထောင်သစ် တည်ဆောက်ရေး လုပ်ငန်းကိုတော့ ၃ နှစ်အတွင်း အကောင်အထည်ဖေါ်မယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ပုသိမ်မြို့လယ် အမှတ် ၄ ရပ်ကွက် ဘူတာလမ်းနဲ့ မရမ်းချိုလမ်းအကြားရှိ
ပုသိမ်ထောင် အဟောင်းကို စစ်ကောင်စီက ခရိုနီအချို့ကို ကြိုပြီး ရောင်းချထား ပြီးပြီလို့လည်း ပုသိမ် မြို့ ခံလုပ်ငန်းရှင်ကြီးတွေ အဝန်းအဝိုင်းမှာ ပြောဆိုနေကြပေမယ့် DNA အနေနဲ့သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။

အကျဉ်းဦးစီးဌာန အရာရှိဟောင်းတဦးက“အကျဉ်း သား နဲ့ ဌာန က ဝန်ထမ်းတွေ ရိက္ခာအတွက် စပါး စိုက်တဲ့လယ်မြေတွေကို ကြံဖွတ်အစိုးရ လက်ထက် က ရောင်းစားခဲ့ဘူးတယ်၊ ခုလည်း ထောင်မြေနေရာ ကို ရောင်းစားချင်လို့ ထောင်သစ်ဆောက်ဖို့ အကွက် ဖန်တာ” လို့ ကောက်ချက်ချပါတယ်။

၂၀၁၀ ခုနှစ် အာဏာရ ပြည်ခိုင်ဖြိုးပါတီ အစိုးရ က လက်ရှိထောင်ဟောင်းဘေး မြို့လယ်ခေါင်က အ ကျဉ်းဦးစီးဌာနပိုင်လယ်မြေတွေကို အိမ်ယာကွက် တွေရိုက်ပြီး ငွေကြေးရှိတဲ့ ပုသိမ်မြို့ခံ တရုတ်သွေးနှောတွေထံ ရောင်းချခဲ့တာပါ။

ရောင်းချခဲ့တဲ့အချိန်က မြေပေ ၄၀-ပေ၆၀စတုရန်း တစ်ကွက် တန်ဘိုးငွေ မှာ အစိုးရဘဏ္ဏာထဲကို ကျပ် ၁၀ သိန်းပြည့်အောင် မရောက်ခဲ့ပေမယ့် လက်ရှိ အဲ့ဒိမြေကွက်တွေရဲ့ ပေါက်ဈေးက ပေ ၄၀- ပေ ၆၀ စတုရန်းတစ်ကွက်ကို တည်ရှိတဲ့နေရာကိုမူတည်ပြီး ကျပ် သိန်း ၁၅၀၀၀ နဲ့ ကျပ်သိန်း ၂၀၀၀၀ အကြားရှိနေပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ပုသိမ်အကျဉ်းထောင်ကို ၁၈၈၉ နှစ်က ကိုလိုနီခေတ် က တည်ဆောက်ခဲ့တာ ဖြစ် ပြီး ထောင်တွင်းက အဆောင်တွေကို အင်္ဂလိပ် အလံ ယူနီယံ အလံပုံစံ ဖွဲ့စည်းထားကာ သမိုင်းတန် ဘိုး ကြီးမားတဲ့ အပြင် လက်ရှိထောင်မြေနေရာရဲ့ ကာလတန်ဘိုးကလည်းကြီးမားပါတယ်။

ပုံစာ- ပုသိမ်မြို့ အကျဉ်းထောင်