နိဗ္ဗာန် ရောက်နေတဲ့ စခန်းမှူးကြောင့် လောင်းကစားဝိုင်းတွေ ပေါများလာ

“ကျွန်တော်တို့ကတော့ စခန်းမှူး နန်းဝင်းအောင်ရော သူတို့တဖွဲ့လုံးကို မရှိစေချင်တော့ဘူး။ အရမ်းလွန်လာနေပြီ။ ထုတ်ပြောလိုက်ရင် ကာယကံရှင်တွေ ဒုက္ခရောက်သွားနိုင်တဲ့ မတရား လုပ်ဆောင်မှုတွေက အရမ်းများနေပြီ။ တခါတခါ PDF တွေ လာလုပ်ပါစေလို့တောင် ဆုတောင်းမိတယ် ”

၂၈၊ဇွန်လ။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာမှာ တာဝန်ကျနေတဲ့ စခန်းမှူး နန်းဝင်အောင် လက်ထက်မှာ လောင်းကစားဝိုင်းတွေ ပေါများနေတဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကလည်း အကျင့်ပျက်လာဒ်စားမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လောင်းကစားဝိုင်းတွေကို ခွင့်ပြုထားတယ်။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေကြသူတွေကိုကျ ဟိုအကြောင်းပြ ဖမ်းလိုက်၊ ဒီအကြောင်းပြ ငွေတောင်းလိုက်နဲ့။ ကျွန်တော်စပါးတိုက်(စပါးသယ်)လို့ သူတို့နဲ့တွေ့တိုင်း ဘာဖိုးမှန်းမသိပဲ ငွေသောင်းဂဏာန်းလောက် ပေးနေရတာကိုလည်း စိတ်ကုန်နေပြီ။ စခန်းမှူးက သူကိုယ်တိုင် ဟင်္သာတသားဖြစ်ပြီး ရပ်ရွာကိစ္စကိုကျ ဘာမှမလုပ်ဘူး သူချမ်းသာဖို့ပဲလုပ်နေတာ ” လို့ ဟင်္သာတမှာနေထိုင်တဲ့ စပါးကုန်သည် တဦးက DNA ကိုပြောပါတယ်။

နိဗ္ဗာန်ကျေးရွာမှာ ဒေသခံတွေ အနေနဲ့ အရင်က  ကြက်တိုက်တာလောက်ကိုသာ ကြိတ်ဝိုင်းအဖြစ် လုပ်ခဲ့ကြရတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဂျင်၊ ကြက်လောင်းကစားဝိုင်းတွေ နေ့စဉ်ပေါ်ပေါ်တင်တင် လုပ်နေကြပြီး ဒီလောင်းကစားဝိုင်းတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါ ပါဝင်ဆော့ကစားနေကြတာတွေ ရှိလာနေပြီလို့ သိရပါတယ်။

“ကျွန်တော်တို့ကတော့ စခန်းမှူး နန်းဝင်းအောင်ရော သူတို့တဖွဲ့လုံးကို မရှိစေချင်တော့ဘူး။ အရမ်းလွန်လာနေပြီ။ ထုတ်ပြောလိုက်ရင် ကာယကံရှင်တွေ ဒုက္ခရောက်သွားနိုင်တဲ့ မတရား လုပ်ဆောင်မှုတွေက အရမ်းများနေပြီ။ တခါတခါ PDF တွေ လာလုပ်ပါစေလို့တောင် ဆုတောင်းမိတယ် ” လို့ လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်လို့ ရဲစခန်းရဲ့ လုပ်ဆောင်မှုတွေကို မကျေနပ်နေတဲ့ ဟင်္သာတ မြို့နယ်တွင်း လူမှုကူညီရေးတွေ ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးဖို့ အမိန့်မထွက်ခင်ကတည်းက လိုင်စင်စစ်ဆေးမှုတွေနဲ့ ငွေကြေးရှာဖွေမှုတွေ ရှိခဲ့ပြီး စစ်မှုထမ်းထောက်ပံ့ငွေ အတင်းအကြပ်ကောက်ခံတာ၊ လောင်းကစားဝိုင်းတွေကို ခွင့်ပြုတာအပါအဝင် ပြည်သူတွေဆီကနေ ကိုယ်ကျိုးစီးပွားရှာမှုတွေ ရှိနေခဲ့တဲ့ စခန်းမှူးဟာ ယခုအခါမှာတော့ ဥပဒေမဲ့ ငွေတောင်းတာတွေပါ လုပ်ကိုင်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ အိုးဝေက ရုတ်တရက်ကြီး ချို့ယွင်းပြီးတော့ မှောက်သွားတယ်။ ခရီးသည်ပါပေမယ့် ခရီးသည်ကလည်း ဒါကိုနားလည်ပေးတယ် ကြီးကြီးမားမား ထိခိုက်တာလည်းမရှိဘူး။ အဲ့ဒါကို စခန်းကိုဖမ်းခေါ်သွားပြီးတော့ ၁၀ သိန်းတောင်းတယ်။ အိုးဝေသမားက သူ့အိုးဝေလည်း ပြင်ရသေးတယ် ဘာအတွက်လည်းမသိရပဲ ၁၀ သိန်းလည်း ပေးရတယ်။ မပေးနိုင်သေးခင်မှာ ဖမ်းချုပ်ထားတာဆိုတော့ ရှာဖွေပေးကြရတာပေါ့ ” လို့ နိဗ္ဗာန်ရဲစခန်းရဲ့ လုပ်ဆောင်မှုတခုနဲ့ ပတ်သက်ပြီး ဒေသခံ တဦးက ပြောပြပါတယ်။

စစ်ကောင်စီ လက်ထက်အတွင်း ဧရာဝတီတိုင်းမှာ လောင်းကစားဝိုင်းတွေဟာ မြို့ပြရော ကျေးလက်မှာပါ ပိုမိုများပြားလာနေတယ်လို့ ဒေသခံပြည်သူတွေက DNA သတင်းဌာနကို ဆက်သွယ်ပြီး အချက်အလက်တွေ ပေးပို့ထားကြပါတယ်။