ပုသိမ်-မုံရွာကားလမ်းတလျှောက် လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

“ ဒေသခံတချို့ကတော့စစ်ကောင်စီတပ်အနေနဲ့ပုသိမ်-မုံရွာလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာလို့ အခုလို တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာလို့ ဆိုကြပါတယ်။”

၂၆၊ ဇွန်

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်းပုသိမ်-မုံရွာ ကားလမ်းတလျှောက်  ဇွန်လ ၂၆ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဆီဆုံကုန်းမှာ (စစ်တပ်ဘက်က) အမြောက်တွေ နေရာချပြီးပစ်နေတာ၊ ဒီမနက်ရော မနေ့ကရောပဲ၊ ဒီနေ့တော့ လေကြောင်းမပါသေးဘူး၊ မနေ့ကတော့ လေကြောင်းရော အမြောက်ရော ပစ်တယ်” လို့ တိုက်ပွဲဧရိယာအနီးအနားက ဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ငသိုင်းချောင်းမြို့ခံတဦးက DNA ကို ပြောပါတယ်။

ဆီဆုံကုန်းရွာဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ AA ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ ပန်းတောကြီးရွာနဲ့ လေးမျက်နှာမြို့ကြား ပုသိမ်-မုံရွာ ကားလမ်းရဲ့ အရှေ့ဘက် နှစ်မိုင်လောက်အကွာမှာ တည်ရှိပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်ထဲက လယ်တန်ငယ်၊ စောပြာနဲ့ ကျားကိုက်ကွင်း၊ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ်က စက်စက်ယို ကျေးရွာတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ပန်းတောကြီးရွာမှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အခု ဇွန်လအတွင်းမှာ သဲနုကုန်း၊ စောပြာနဲ့ ကျားကိုက်ကွင်းရွာတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေကို AA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက် လေးမျက်နှာမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကောင်စီတပ်က လက်လွှတ်ထားရပါတယ်။

ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်အနေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာလို့ အခုလို တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာလို့ ဆိုကြပါတယ်။

“စီကွင်းလမ်းခွဲ(ပုသိမ်-မုံရွာကားလမ်းကနေ စီကွင်းရွာအသွားလမ်းခွဲ)နဲ့ အေးငြိမ်းသာ တောရကျောင်းနားလို့ ထင်မိတယ်၊ မနက် ၄ နာရီမတိုင်ခင်ကတည်းက အသေးသံ(လက်နက်ငယ်သံ) ဆူညံသွားတာပဲ၊ မိုးလင်းအထိဖြစ်တာ၊ အခုတော့အသံတိတ်သွားပြီ၊ အကြီး(လက်နက်ကြီး)သံတော့ ကြားရသေးတယ်” လို့ စက်စက်ယိုရွာခံတဦးက ဒီနေ့မနက် ၁၁ နာရီလောက်မှာ ပြောပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်နေတဲ့ ကျေးရွာတွေက ဒေသခံအများစုဟာ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ကုန်ကြပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ပိတ်မိနေကြသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကပဲ ပန်းတောကြီးရွာအနီးက ရှမ်းကွင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတဦး သေဆုံးခဲ့သလို နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

လေးမျက်နှာမြို့နယ်ထဲမှာပုသိမ်-မုံရွာကားလမ်းတလျှောက်အခုလိုတိုက်ပွဲပြင်းထန်နေသလိုပဲရေကြည်မြို့နယ်ထဲကဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိစစ်ကောင်စီအမြောက်တပ်ရင်း(အမတ) ၃၄၄ ဘက်မှာလည်း ပြီးခဲ့တဲ့တပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။