ကျောင်းကုန်းသား ကာချုပ်

ရန်ကုန်ကနေ ပုသိမ်၊ချောင်းသာ၊ငွေဆောင်ဘက်ကိုခရီးသွားပါက ကျောင်းကုန်းမြို့ကလေး
 ကိုဖြတ်သန်းသွားရပါတယ် ။ယခုလို မိုးရာသီမှာ ကျောင်းကုန်းချောင်းရေဟာ အရှိန်အဟုန်နဲ့
 စီးဆင်းနေတတ်ပါတယ်။

၂၅၊ဇွန်လ။

 ၁၉၄၆ခုနှစ်က အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ် စစ်ရေးပြ
 အခမ်းအနားကျင်းပပါတယ်။အဲဒီ့အခမ်းအနားမှာ ဖီးမာရှယ်ဝီလီလျှံဆလင်းနဲ့ မြန်မာနိုင်ငံက
 ဗိုလ်မှူးကြီးစမစ်ဒွန်းတို့ စကားလက်ဆုံကြနေပါတယ်။

မြန်မာနိုင်ငံကို ဂျပန်တွေလက်ထဲကပြန်လည်သိမ်းပိုက်စဉ်က ဗြိတိသျှတပ်မှုးအဖြစ်တာဝန်ယူခဲ့တဲ့ ဝီလီလျှံဆလင်းက သူ့အနီးနားက သတင်းထောက်တွေဘက်လှည့်ပြီး “ဒါအရပ်လေးပေပဲရှိတဲ့ ဗိုလ်မှုးကြီးဒွန်းလေ”လို့နောက်ပြောင်ပြီးမိတ်ဆက်ပေးလိုက်ပါတယ်။

အဲဒီက စပြီးစမစ်ဒွန်းကို လူတွေက ဗိုလ်မှူးကြီးလေးပေလို့ ခေါ်ကြပါတော့တယ်။ အဲဒီပုဂ္ဂိုလ်ကတော့ လွတ်လပ်ရေးရပြီးစမြန်မာနိုင်ငံမှာပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်းဘဲ ဖြစ်ပါတယ်။

 ကရင်အမျိုးသား စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွေးဖွားခဲ့ပါတယ်။

၁၉၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ အိန္ဒိယစစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး အမှတ် ၁၀ တပ်ရင်း၊ အမှတ် ၂၀ ဘားမားရိုင်ဖယ်တပ်ဖွဲ့မှာ စတင် အမှုထမ်းခဲ့ပါတယ်။ လေ့ကျင့်သင်ကြားရေးပြီးနောက် အမှတ် ၂ တပ်ရင်း၊ အမှတ် ၂၀ ဘားမားရိုင်ဖယ်တပ်ဖွဲ့နဲ့အတူ ၁၉၃၀ မှ ၁၉၃၂ အတွင်း မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ အရပ်အမောင်း ပုသေးသေးနှင့် အရပ် ၄ ပေသာသာ ရှိ၍ “ဗိုလ်မှူးကြီး လေးပေ” ဟုလူသိများပါတယ်။

ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက် အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နေ့ကစပြီး ၁၉၄၉ ဇန်နဝါရီလကုန်အထိ စစ်ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်မှာ ကရင်လူမျိုးများ ကိုယ်ပိုင်လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့အချိန်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို တပ်မတော် ရာထူးများက ရပ်ဆိုင်းပစ်ခဲ့ပါတယ်။

ဗိုလ်ချုပ် စမစ်ဒွန်းဟာ  ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်ပေမဲ့ မြန်မာ့တပ်မတော်အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။

သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းဟာ ၁၉၇၉ ခုနှစ် ရှမ်းပြည်နယ်  ကလောမြို့မှာကွယ်လွန်ခဲ့ပါတယ်။ကရင်အမျိုးသားထဲက တပ်မတော်ခေါင်းဆောင်တဦးဖြစ်ခဲ့သလိုမြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတယောက် အဖြစ်လည်း မှတ်တမ်းတင်ထိုက်သူဖြစ်ပါတယ်။