အိုင်သပြုမှာ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီဝင်ရောက်စီးနင်း


” လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်ကိုယ်စီနဲ့ ဘုရားကျောင်းထဲ ဝင် ရောက်လာပြီးတော့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့တာပါ။”

၂၄၊ဇွန်

ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် ၊အိုင်သပြုရွာ အနီး လက်သမားကျေးရွာက ခရစ်ယာန်ဘုရားကျောင်းမှာ တော်လှန်ရေးအင်အားစုတွေရှိတယ်ဆိုပြီးတော့ စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ရပ်ရွာလူကြီးတွေမပါဘူး။ ည ၉ နာရီလောက်ကြီး ရဲနဲ့ စခ (စစ်သား) ၁၅ ယောက်လောက်ရှိတယ် လို့ ဘုရားကျောင်းကို ဝင်ရောစီးနင်းတာနဲ့ပတ်သက်လို့ အိုင်သပြုကျေးရွာအုပ်စုထဲမှာနေထိုင်သူကပြောပါ တယ်။

လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်ကိုယ်စီနဲ့ ဘုရားကျောင်းထဲကို ဝင် ရောက်လာပြီးတော့ ရှာဖွေမှုတွေလုပ်ဆောင်ခဲ့တာပါ။

သတင်းပေးတဲ့လူရှိလို့ လာရှာတာဆိုပြီး သူတို့က ပြောတယ် လို့ ဒေသခံကပြောပါတယ်။

ဘုရားကျောင်းက ခရစ်ယာန်ဘုန်းကြီးကတော့ နောက်နောင်ဆိုရင် အသိပေးပြီးမှ ကျောင်းထဲကိုဝင် ရောက်ဖို့ တုန့်ပြန်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ဘုရားကျောင်းထဲ ကို ဝင်ရောက်စီးနင်းစဉ် ဘုရားကျောင်းထဲရောက်ရှိနေတဲ့ ဒေသခံအရပ်သားပြည်သူတဦးကို မချေမငံ ပြောဆိုဆက်ဆံတယ်ဆိုပြီးတော့ လက်ထိပ်ခတ်ပြီး ထိုးကြိတ်ခဲ့ပါတယ်။

ဒါ့အပြင် ဘုရားကျောင်းထဲမှာ ရှိနေတဲ့ အခြားသောအမျိုးသားတဦးကိုတော့ ရှာဖွေမှုတွေပြုလုပ်နေစဉ်အတွင်း ဒူးထောက်ပြီး ထိုင်နေစေခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဟာ လေးမျက်နှာမြို့နယ်ပုသိမ် – မုံရွာ လမ်းဘေး တစ်လျှောက်က ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ပုသိမ် – မုံရွာလမ်းနဲ့ လေးမျက်နှာမြို့ အနောက်ဘက် ငဝန်မြစ်အကြားက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။