ယက္ကန်းစင်တောင် ပါချုပ်ဆရာတော်ဆေးရုံရှိ PDF စခန်းကို စစ်ကောင်စီ ဗုံးကြဲရှင်းလင်း၊ PDF အများအပြားသေဆုံး ဆိုသည့် သတင်းအမှား 

ယက္ကန်းစင်တောင် ပါချုပ်ဆရာတော်ဆေးရုံရှိ PDF စခန်းကို စစ်ကောင်စီ ဗုံးကြဲရှင်းလင်း၊ PDF အများအပြားသေဆုံး ဆိုသည့် သတင်းအမှား 

23 June 2025 / MFCN /MPA / DNA

စဉ့်ကူး နှင့် မတ္တရာမြို့နယ် အစပ် ယက္ကန်းစင်တောင်ဆေးရုံရှိ PDF စခန်းကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်း ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။

“People Media” တယ်လီဂရမ်ချန်နယ်က ဇွန် ၂၃ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ် ယက္ကန်းစင်တောင် ဆေးရုံရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ရာ PDF အများအပြား သေဆုံးခဲ့ကြောင်းကို ဗုံးဒဏ်ကြောင့် ပြိုပျက်သွားသည့် အဆောက်အဦးပုံများနှင့်တကွ ဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ ၅,၀၀၀ ကျော်၊ Reaction ပေးသူ ၂၀၀ ကျော် ရှိခဲ့သည်။

မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/TgG4X

အဆိုပါအကြောင်းအရာကို U Nay Win တယ်လီဂရမ်ချန်နယ်ကပါ  ကူးယူဖော်ပြထားသည်ကို တွေ့ရသည်။

ထပ်ဆင့်ဖြန့်ဝေထားသော လင့်ခ် >>> https://archive.ph/OoC8i

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍  Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် DNA တို့က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း  စစ်ဆေးတွေ့ရှိခဲ့သည်။ 

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Mizzima, DVB” တို့တွင် သတင်းရေးထားသည်ကို တွေ့ရသည်။

သတင်းမီဒီယာများတွင် ဇွန် ၂၂ ရက် ည ၁၁ နာရီခန့်တွင် မန္တလေးတိုင်း၊ မတ္တရာ နှင့် စဉ့်ကူးမြို့နယ်အစပ် ယက္ကန်းစင်တောင်ပေါ်တွင်ရှိသည့် မေတ္တာနန္ဒ ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းကနေ ဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ သားဖွားမီးယပ်အဆောင်ကို ထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ  ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ မေတ္တာနန္ဒဆေးရုံသည် ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဦးဆောင်၍ တည်ဆောက်ထားသည့်ဆေးရုံဖြစ်ပြီး ဒေသခံများ အားကိုးအားထားပြုနေရသော ဆေးရုံဖြစ်ကြောင်း ရေးသားထားသည်။

အပြည့်အစုံဖတ်ရန် >>>

Mizzima       https://bitly.cx/c2wKA

DVB             https://bitly.cx/CHTT8

အကြောင်းအရာကို ထပ်မံစစ်ဆေးရန်အတွက် Google တွင် “ ပါချုပ်ဆရာတော်ဆေးရုံ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mandalay Free Press, People’s Spring,မြေလတ်အသံ” အပါအဝင် အခြား မီဒီယာများတွင် သတင်းရေးထားသည်ကို တွေ့ရသည်။

သတင်းမီဒီယာများတွင်  ဇွန် ၂၁ ရက် ညပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နှင့် စဉ့်ကူးမြို့နယ်အစပ် ၊ ယက္ကန်းစင်တောင်အနီးရှိ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒာမာလာဘိဝံသ ကမကထ ပြုလုပ်ထားသည့် မေတာနန္ဒ ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ခန့် လာရောက် ဗုံးကြဲခံကြောင်း၊ တိုက်ခိုက်မှုကြောင့် မီးနေသည် မိခင်တစ်ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ မေတ္တာနန္ဒဆေးရုံသည် ၂၀၁၆ တွင် စတင်တည်ဆောက်ခဲ့ပြီး လက်ရှိ အာဏာသိမ်းကာလတွင် ဒေသခံပြည်သူများ အားကိုးအားထားပြုနေရသည့် ဆေးရုံဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်တော့ PDF များ ဆေးကုသည့် ဆေးရုံဖြစ်သည့်အတွက် လေကြောင်းတိုက်ခိုက်မှုပြုရန် မကြာခဏ လှုံ့ဆော်နေကြောင်း ရေးသားထားသည်။

အပြည့်အစုံဖတ်ရန် >>>

Mandalay Free Press   – https://bitly.cx/o9kbO

People’s Spring       https://bitly.cx/3cw8

မြေလတ်အသံ           https://bitly.cx/T3AuQ

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မတ္တရာမြို့နယ် နှင့် စဉ့်ကူးမြို့နယ် အစပ် ယက္ကန်းစင်တောင်အနီးရှိ ပါမောက္ခချုပ်ဆရာတော် ကမကထပြုလုပ်ခဲ့သည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မီးနေသည် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀ ဉီးကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရေးထားသည်ကို တွေ့ရသည်။

သေဆုံးသူသည် အရပ်သားတစ်ဦးဖြစ်သည်ကို တွေ့ရသည်။ PDF ဟု ဖော်ပြထားခြင်း မတွေ့ရပါ။

ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ယက္ကန်းစင်တောင်ဆေးရုံရှိ PDF စခန်းကို စစ်ကောင်စီ ဗုံးကြဲရှင်းလင်း၊ PDF အများအပြားသေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင်  အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ  အချက်အလက် စစ်ဆေးထားသော သတင်းများကို  အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork                 

#MFCN #MPA  #DNA #FactCheck #Mis_Disinformation #AirStirke #မေတ္တာနန္ဒဆေးရုံ #ပါချုပ်ဆရာတော်