အိုမန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပုသိမ်သူတဦး ဦးနှောက်သွေးကြောပေါက် သေဆုံး


အိုမန်နိုင်ငံရဲ့ ရာသီဉတုဟာ ပူပြင်းလွန်းနေပြီး လာမယ့် ဩဂုတ်လအထိ ဆက်လက်ပူပြင်းဖို့ရှိနေပြီး အနိမ့်ဆုံးအပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။

၂၂၊ဇွန်လ။

အိုမန်နိုင်ငံမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ ပုသိမ်မြို့ တဖက်ကမ်းမှာ နေထိုင်တဲ့ မမိုးဝေဇင်ဟာ ဦးနှောက်သွေးကြောပေါက်ပြီး ဇွန်လ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

“ဆေးရုံမှာ ရက် ၂၀ လောက်တက်သွားရတယ်။ ဦးနှောက်သွေးကြောလေးတွေ ပြတ်ထွက်ပြီး ဆုံးတယ်ပေါ့။ပါရာစီတမော အသောက်များလို့ သေတာလို့ ကြားပေမယ့် သေချာမသိဘူး။ ဒီမှာ သူ့ညီမလေးလည်းရှိတယ်။ သားတယောက်ကျန်ခဲ့တယ်ကြားတယ်။ သူ့ညီမလေးကိုတော့ အေးဂျင့်ဘက်က မြန်မာကို ပြန်ဖို့ စီစဉ်ပေးနေတယ် ကြားတယ်”လို့ အိုမန်၊ ဒူဘိုင်းနဲ့ပတ်သက်တဲ့ ဂရုတခုမှာ အက်မင်တာဝန်ယူထားသူ တဦးက DNA ကိုပြောပါတယ်။

“အိုမန်နိုင်ငံမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိုမန်နိုင်ငံရဲ့ ရာသီဉတုနဲ့ ကိုယ့်ကျန်းမာရေးအခြေအနေ သင့်တော်မှု ရှိ၊ မရှိဆိုတာကို ကြိုတင်လေ့လာထားသင့်တယ်လို့ အိုမန်ရောက် မြန်မာနိုင်ငံသားတွေကလည်း တိုက်တွန်းထားပါတယ်

လက်ရှိ အိုမန်နိုင်ငံရဲ့ ရာသီဉတုဟာ ပူပြင်းလွန်းနေပြီး လာမယ့် ဩဂုတ်လအထိ ဆက်လက်ပူပြင်းဖို့ရှိနေပြီး အနိမ့်ဆုံးအပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။

“ဒီကိုလာမယ်ဆိုရင် အစားအသောက်က ဘယ်လိုမျိုးလဲ၊ ရာသီဉတု၊ ယဉ်ကျေးမှု၊ အလုပ်ပင်ပန်းမှုတွေ အကြောင်းကို FB က ဂရုတွေမှာ အများကြီး မေးမြန်းစုံစမ်းလို့ရပါတယ်။ ရာသီဉတုကြမ်းတယ် အစားအသောက်က လုံးဝမတူတော့ မစားနိုင်ဘူး ကျန်းမာရေးက မကောင်းဘူးဆိုရင် ဒဏ်ခံနိုင်မှာ မဟုတ်ဘူး။ အများစုက အိမ်အကူအဖြစ်လာကြတာဆိုတော့ အလုပ်ကလည်း အိပ်ချိန်နည်းတယ် ပင်ပန်းတယ် ” လို့ အိုမန်နိုင်ငံမှာ အိမ်အကူ အလုပ်လုပ်ကိုင်နေတာ ၁ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ မဂျူလိုင် က ဆိုပါတယ်။

မမိုးဝေဇင်ရဲ့ နာရေးအတွက် မမိုးဝေဇင်ကို အိုမန်ကိုပို့ပေးခဲ့တဲ့ အေးဂျင့်က လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးနေပေမယ့် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အလုပ်သမားပို့တဲ့ အေးဂျင့်အများစုဟာ အလုပ်သမားတွေ တခုခုဖြစ်လာရင် တာဝန်ယူမှု မရှိကြဘူးလို့ အိုမန်၊ ဒူဘိုင်းနဲ့ပတ်သက်တဲ့ ဂရုတခုမှာ အက်မင်တာဝန်ယူထားသူ တဦးက DNA ကိုပြောပါတယ်။

သူက ဆက်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အိမ်အကူသွားရောက် အလုပ်လုပ်ကိုင်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ တရက်ကို အလုပ်ချိန် နာရီ ၂၀ နီးပါး အလုပ်လုပ်ကိုင်ကြရတယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့က လူမှုကူညီရေး အသင်းတခုကို ဦးဆောင်နေသူတဦးကတော့ “ အိုမန်တို့ ဒူဘိုင်းတို့ကို ဧရာဝတီတိုင်းကနေ သွားနေကြတဲ့သူတွေအများကြီးပဲ။ အေးဂျင့်တွေရော သွားတဲ့သူတွေရော အများစုက ပိုက်ဆံရလို့သာ သွားကြတာ ကြိုတင်ပြင်ဆင် စုံစမ်းတာတွေကျ အရမ်းအားနည်းတယ်။ ခုလိုမျိုးဖြစ်ရပ်ဆိုရင် ကလေးကျန်ခဲ့တယ် အကြွေးကျန်ခဲ့တယ်။ ဒီတိုင်းကြည့်ရင် ကောင်မလေးရဲ့လိုအပ်ချက်ပေါ့ သေချာစဉ်းစားကြည့်ရင် ဒီလိုအခြေအနေရှိတယ် ဒီလိုပင်ပန်းမယ် ကျန်းမာရေးကိစ္စ စတာတွေကို သေချာ မရှင်းပြ မပြောပြကြတဲ့ အေးဂျင့်တွေမှာလည်း တာဝန်ရှိတယ်။ ခုက အကြွေးကြေပေးလိုက်တယ်ဆိုတာကို ကျေးဇူးရှင်လို လုပ်နေတယ် ” လို့ ဆိုပါတယ်။

အိုမန်နိုင်ငံမှာ ယခုနှစ် အစောပိုင်း ၆ လအတွင်း လုပ်ငန်းခွင် ပင်ပန်းမှုဒဏ်နဲ့ အခြားသော အကြောင်းအရာတွေကြောင့် မြန်မာအိမ်အကူ သတ်သေမှု၊ သေဆုံးမှုဟာ ၄ မှုအထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အိုမန်အပါအဝင် အရှေံအလယ်ပိုင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ သောင်းနဲ့ချီရောက်ရှိနေကြပြီး အများစုဟာ အိမ်အကူနဲ့ အခြေခံ အလုပ်သမားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။