“သူ့အမျိုးတွေဆီကို ဖုန်းဆက်မေးတာ ငိုသံပဲကြားလိုက်ရတယ် ၊ ဖုန်းက ဆက်ပြောမရတော့ဘူး။သူ့အမျိုးတွေ အသက်ရှင်ပုံရတယ်”လို့ ဇရစ်ရိုးစမ်းကနေ ဘေးလွတ်ရာကို စစ်ရှောင်နေသူတဦးက သူ့ရွာအခြေအနေကို ပြောပြပါတယ်။
၂၂၊ဇွန်လ။
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် နဲ့ လေးမျက်နှာမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် ပူးပေါင်းအဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရှမ်းကွင်းကျေးရွာမှာ လူတဦး သေဆုံးပြီး ၊ နေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။
“ဒီနေ့ညနေပဲ ရီပို့မှာ ပါလာတယ်။ ပန်းတင် နားက ရှမ်းကွင်းမှာ Y12 နဲ့ လာကြဲသွားလို့ အိမ်တလုံးပျက်စီးသွားတယ် ။ ပြီးတော့ ရွာသားတဦးလည်း သေဆုံးတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ရေးတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
အာရက္ခတပ်တော်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ရေကြည်မြို့နယ်ထဲက အမတ ၃၄၄ ကိုလည်း ထိုးစစ်ဆင်နေသလို လေးမျက်နှာမြို့နယ် အစပ်က စက်စက်ယို အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ ဇွန်လ ၂၁ ရက်နေ့ မနေ့က ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် စက်စက်ယိုရွာနဲ့ နဂါးရစ်တောင် အကြားမှာ ရှိတဲ့ ဇရစ်ရိုးစမ်းရွာမှာ ကလေးငယ်တဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“စက်စက်ယိုရွာနဲ့ နီးတယ်။အခုပြည်သူတွေထိတာ ဇရစ်ရိုးစမ်းရွာမှာ။၆ ယောက်မှာ ဘုန်းကြီးတပါး ၊ အမျိုးသမီးကြီး တယောက်ပါတယ်။ကျန်တာ အမျိုးသားတွေ”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
စက်စက်ယိုရွာဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နဂါးရစ်တောင် ဓမ္မပါလတောရကျောင်းမှာ စစ်ကောင်စီက တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“သူ့အမျိုးတွေဆီကို ဖုန်းဆက်မေးတာ ငိုသံပဲကြားလိုက်ရတယ် ၊ ဖုန်းက ဆက်ပြောမရတော့ဘူး။သူ့အမျိုးတွေ အသက်ရှင်ပုံရတယ်”လို့ ဇရစ်ရိုးစမ်းကနေ ဘေးလွတ်ရာကို စစ်ရှောင်နေသူတဦးက သူ့ရွာအခြေအနေကို ပြောပြပါတယ်။
ဇရစ်ရိုးစမ်းရွာဟာ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာ အုပ်စုထဲမှာ ရှိနေပြီး စက်စက်ယိုရွာ နဲ့ နဂါးရစ်တောင် အကြား ၊ ပုသိမ်-မုံရွာ ကားလမ်းအရှေ့ခြမ်းမှာရှိတဲ့ ရွာငယ်တရွာ ဖြစ်ပါတယ်။
မနေ့က ဇွန်လ ၂၁ ရက်နေ့မှာ ရေကြည်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပေါ်ရာ နေရာတွေကို ကျုံပျော်မြို့ပေါ်မှာရှိတဲ့ ခလရ ၃၆ ကနေလည်း လက်နက်ကြီးတွေ ပစ်ကူပေးနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
“ဒီညက အဆက်မပြတ်ထုနေတာ၊ညနေကတည်းက အဆက်မပြတ်ပဲ”လို့ ကျုံပျော်မြို့ပေါ်မှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ်။