“ဖခင်တွေကပဲ တရားဝင်နေတော့မှာလား….”
၂၁၊ဇွန်။
ဒီမေးခွန်းက ဟိုတရက်က မိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်ရင်း တွေးမိသွားခဲ့တာပါ။ သူ့အသိအမျိုးသမီးတယောက်ရဲ့ သားလေးက ကျောင်းဝင် ခွင့်တခုအောင်တာ အွန်လိုင်းတင်ထားတာမှာ အဖေနာမည်ရေးထားတယ်ဆိုတာကနေ စတွေးမိခဲ့တာ ဖြစ်ပါတယ်။ ပြဿနာက သူ့မိတ်ဆွေအမျိုးသမီးက သူ့အမျိုးသားနဲ့ကွဲတာ ဆယ်နှစ်ရှိနေပြီး၊ သားနှစ်ယောက်ကို သူမရဲ့ ကျောင်းဆရာမလစာနဲ့ အ ငြိမ်းစားအဖိုးအဖွားတွေက ထောက်ပံ့တာဖြစ်ပေမဲ့ တကယ်တမ်းအောင်မြင်မှုအတွက် ချီးမြှောက်ခံရတဲ့အခါ ဖခင်က မိန့်မိန့်ကြီး နေရာရနေတာက ဖြစ် သင့်ပါရဲ့လားဆိုပြီး အဲဒီမိတ်ဆွေက ကျမကို မေးပြောလေး ပြောလာတာပါ။
ဖခင်ရဲ့ အမည်က မွေးစာရင်းမှာ ပါလာပြီးကတည်း က ဒီကလေးရဲ့ ဘဝအောင်မြင်မှုတွေအထိ ဘာတာဝန်မှမယူရဘဲ အရန်သင့် အသိအမှတ်ပြုခံရ၊ ဂုဏ်ပြုခံနေရတာတွေက တကယ်ကြိုးစားရုန်းကန် ခဲ့တဲ့ မိခင်တွေအတွက်တော့ မျှတမှုမရှိဘူးလို့ Grade 10 ကျောင်းသားတဦးရဲ့ မိခင်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ အသက်၃၈နှစ်အရွယ် Single Mother တဦးဖြစ်တဲ့ မကေသွယ်ကပြောပါတယ်။
“ကလေးကို တသက်လုံး အမေပဲ ပြုစုစောင့်ရှောက် ရပြီးတော့ ဘာလုပ်လုပ် အဖေနာမည်ပဲ စာရင်းသွင်းကြတာ တော်တော်အသည်းနာတယ်”
မြန်မာ့ ယဉ်ကျေးမှုမှာ “အိမ်ဦးနတ်”ဆိုတာကို အိမ်ထောင် ဦးစီး ခင်ပွန်းသည်ကို ရည်ညွှန်းလေ့ရှိပြီး မိသားစုရဲ့ အားထားရာ၊ ဦးဆောင်သူအဖြစ်နဲ့ တင်စားခေါ်ဝေါ် ကြပါတယ်။ မြန်မာအဘိဓာန်မှာတော့ အိမ်တွင်းမှာ နတ်သဖွယ် ကိုးကွယ်ပူဇော်ပသ အလေးထားရတဲ့ သဘောနဲ့ လင်ယောက်ျားကို အိမ်ဦးနတ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဒီလိုမဟုတ်ဘဲ မိသားစုတစ်ခုရဲ့ ဝန်ထုပ်ဝန်ပိုးအားလုံးကို ပခုံးပေါ် ထမ်းပြီး အိမ်ဦးနတ်အဖြစ် ရပ်တည်နေကြတဲ့အမျိုးသမီးတွေ(မှီခိုလို့သတ်မှတ်ခံရသူတွေ)အများ ကြီး ရှိနေပါတယ်။ အထူးသဖြင့် ဖခင်မရှိဘဲကလေးတွေကို တဦးတည်း ပြုစုပျိုးထောင်နေရတဲ့ မိခင် (Single Mom) တွေရဲ့ဘဝက ဒီ “အိမ်ဦးနတ်” ဆိုတဲ့ အဓိပ္ပာယ်ကို ပြန်လည်ဖွင့်ဆိုဖို့ လိုအပ်လာနေပြီဆိုတာကို ညွှန်ပြနေပါတယ်။
တကယ်တော့ အိမ်ဦးနတ်ဆိုတဲ့ အယူအဆက ဖိုဝါဒ (patriarchy)ရဲ့ အစိတ်အပိုင်းတခုလို့ ကျမကတော့ ယုံကြည်ယူဆပါတယ်။ ဒါကိုအယူအဆအနေနဲ့ လက်မခံဘဲ နာမ်စားသက်သက် သုံးနှုန်းမယ်ဆိုရင်တော့ မိသားစုတာဝန်တွေကို တဦးတည်း ရပ်တည်ထမ်းပိုးထားတဲ့ အမျိုးသမီးတွေကိုလည်း “အမျိုးသမီးအိမ်ဦးနတ်” လို့ ခေါ်နိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အိမ်ဦးနတ်လို့ပြောလိုက်တာနဲ့ အိမ်ရဲ့ဦးဆောင်သူ၊ မိသားစုရဲ့အားထားရာလို့ အများစုက အခုထိ ယုံကြည်လက်ခံထားကြလို့ပါပဲ။ ကျမအနေနဲ့တော့ ဒီစကားလုံးက ဖိုဝါဒရဲ့ အစိတ်အပိုင်းနဲ့ သက်ရောက်မှု တခုအဖြစ် မဟုတ်ဘဲ မိသားစုရဲ့ အားကိုးအားထားရသူ ဘယ်လိုလိင်အမျိုးအစားမဆို သက်ဆိုင်တယ်လို့ လက်ခံယုံကြည်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ မှတ်ပုံတင်စနစ်နဲ့ တခြားတရားဝင် စာရွက်စာတမ်းတွေမှာ အမျိုးသမီးတွေကို “မှီခို” ဆိုတဲ့ အဆင့်သတ်မှတ်ချက်နဲ့ အမြဲတမ်းလိုလို ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ အမျိုးသမီးတွေဆိုရင် အလုပ်အကိုင်နေရာမှာ မေးမြန်းစရာမလိုဘဲ “မှီခို”ဆိုတဲ့ တံဆိပ်ကို အလိုအလျောက် ထည့်ရမယ်ဆိုတာမျိုး အသိဉာဏ်ထဲမှာ စွဲကပ်နေတာကလည်း ရောဂါအပြင်းစားသဖွယ် ဖြစ်လာနေပါတယ်။
အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကလေးကျောင်းအပ်တဲ့အခါ အုပ်ထိန်းသူ နာမည်ပေးရပါတယ်။ အဲဒီအခါ အုပ်ထိန်းသူက အဖေလည်းဖြစ်နိုင်သလို အမေလည်းဖြစ်နိုင်ပါတယ်။ တခြားသော အုပ်ထိန်းသူ တဦးဦးရဲ့ နာမည်လည်း ဖြစ်နိုင်ပါသေးတယ်။ အဓိကကတော့ ဒီကလေးကို လက်ရှိပြုစုစောင့်ရှောက်ပြီး အုပ်ထိန်းနေတဲ့ သူကိုသာ အုပ်ထိန်းသူအနေနဲ့ ထည့်သွင်းပါတယ်။ ဒါနဲ့ပတ် သက်ပြီး မြန်မာပြည်က အသက် ၃၉နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း Single Mom တယောက်ဖြစ်တဲ့ မအိကတော့ သူမရဲ့ ဆန္ဒကို အခုလိုပြောပြပါတယ်။
“အဓိကကတော့ အဖေ၊ အမေဆိုတာထက် လက်ရှိအုပ်ထိန်းသူနာမည်က ပိုအရေးကြီးတာပေါ့လေ…ဒါကတော့ အမအမြင်ပေါ့… တကယ်လို့ မြန်မာပြည် မှာလည်း အဲဒီလိုပြောင်းလဲသွားမယ်ဆိုရင်တော့ ကောင်းတာပေါ့လေ..”
လက်တွေ့မှာတော့ မှတ်ပုံတင်ထဲမှာ “မှီခို”လို့ဖော်ပြခံရတဲ့ အမျိုးသမီးအများစုက စီးပွားရေးဦးဆောင် သူတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိသူတွေ၊ တာဝန် ယူနိုင်စွမ်းရှိသူတွေအဖြစ် ပြောင်းပြန်ရပ်တည်နေကြပါတယ်။ အမျိုးသမီးတွေက လွတ်လပ်ပြီး အမှီအခိုကင်းကင်းနဲ့ မိသားစုရဲ့ ဝန်တွေကို ထမ်းပိုးထားကြပါတယ်။
🔹နိုင်ငံတကာမှာ Single Mom ရဲ့ အခန်းကဏ္ဍ
အင်္ဂလိပ်အဘိဓာန်မှာတော့ Single Mother ကို မှီခိုကလေးတဦး ဒါမှမဟုတ် တဦးထက်ပိုတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ မုဆိုးမဖြစ်နေတာ၊ ကွာရှင်းပြတ်စဲထားတာနဲ့ အိမ်ထောင်မပြုရသေးတဲ့ မိခင်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ၂၀၂၅ခုနှစ်၊ ခန့်မှန်းချက်တွေအရတော့ Single Mom အရေအတွက်က ဆက်လက်မြှင့်တက်နေဦးမှာလို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့ လူသားဖွံ့ဖြိုးတိုးတက်မှုနဲ့ မိသားစုရေးရာ အစီရင်ခံစာတွေမှာတော့ အမျိုးသမီးတွေဦးဆောင်တဲ့ အိမ်ထောင်စုများက တကမ္ဘာလုံးမှာ တိုးပွားလာနေတယ်ဆိုတာကို မီးမောင်းထိုးပြထားပါတယ်။
ကမ္ဘာပေါ်မှာ Single Mom အရေအတွက်အများဆုံးနိုင်ငံတွေကတော့ အာဖရိကနိုင်ငံတွေဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် ကမ္ဘာ့လူဦးရေအစီရင်ခံစာအရ နံပါတ် တစ် နေရာမှာရှိနေတဲ့ နိုင်ငံကတော့ ဆာအိုတိုမေးနဲ့ ပရင်စီပီနိုင်ငံဖြစ်ပြီး အာဖရိကအလယ်ပိုင်းမှာတည်ရှိပါတယ်။ Single Mom ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ဒုတိယကတော့ ကင်ညာနိုင်ငံပဲဖြစ်ပြီး ၁၂ရာခိုင်နှုန်းရှိပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ ၂ရာခိုင်နှုန်းရှိပြီး၊ တရုတ်နိုင်ငံကတော့ ၁ရာခိုင်နှုန်းဖြစ်ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ စာရင်းအချက်အလက်ကိုတော့ ရှာမတွေ့ပါဘူး။
ဒါကတော့ အချက်အလက်အားနည်းမှုကြောင့် ဖြစ် နိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအများစုက တော့ အမျိုးသားများသာ အုပ်စိုးမှု အာဏာကိုအဓိကရယူထားတဲ့ လူမှုစနစ် (patriarchal) ယဉ်ကျေးမှုတွေ လွှမ်းမိုးထားတာကြောင့် လက်မထပ်ဘဲ ကလေးမွေးဖွားမှုကြောင့် Singel Mom တွေက လူမှုရေးရာနဲ့ ဥပဒေရေးရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံကတော့ Single Mom တွေနဲ့ပတ်သက်ပြီး ဥပဒေအထောက်အပံ့ အတန်အသင့်ရှိတဲ့ နိုင်ငံတနိုင်ငံလို့ဆိုနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေအစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံရဲ့ Single Mom အရေအတွက်က လူဦးရေရဲ့ ၃ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ မိသားစုကျင့်ထုံး (Executive Order No. 209) ပုဒ်မ ၁၇၆၊ ၂၁၃ အရ လက်မထပ်ဘဲ မွေးဖွားလာတဲ့ ကလေးများက မိခင်ရဲ့ အုပ်ထိန်းမှုအောက်မှာသာရှိပြီး မိခင်က ကလေးအပေါ် မိဘအခွင့်အရေး အပြည့်အဝရရှိပါတယ်။ ဖခင်က ကလေးကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိခင်က အဓိက အုပ်ထိန်းသူဖြစ်တယ်လို့ အဆိုပါဥပဒေက ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် မိဘတဦးတည်းရှိသူများအတွက် လူမှုဖူ လုံရေးဥပဒေအရ မိဘခွင့်တွေ (Single Mom တွေက တနှစ်ကို လစာပြည့် ခွင့် ၇ရက် ယူခွင့်ရှိပါတယ်)၊ အခွန်လျှော့ပေါမှုတွေ၊ ကလေးများအတွက် ပညာသင်ဆုတွေ၊ ငွေကြေးအကူအညီ၊ အခမဲ့ကျန်းမာရေးအာမခံ၊ အလုပ်အကိုင် ခွဲခြားဆက်ဆံမှု ကာကွယ်ရေးနဲ့ အိမ်ရာအထောက်အပံ့များ စတာတွေ ပါဝင်ပါတယ်။
🔹အမည်ခံ ဖခင်များရဲ့ အခန်းကဏ္ဍနဲ့ Single Mom များရဲ့ ရုန်းကန်မှု
“ဖခင်” ဆိုတာ နာမည်ခံသက်သက်သာဖြစ်ပြီး သားသမီးရဲ့ တာဝန်ဝတ္တရားတွေကို လုံးဝမယူပေမဲ့ မြန်မာပြည်မှာတော့ နေရာတော်တော်များများမှာ အမည်ခံဖခင်တွေက စင်ပေါ်ကဖြစ်နေတုန်းပါပဲ။
အဖေမရှိတဲ့ ကလေးတွေ အဖေနာမည်ထည့်ဖို့ အခက်အခဲဖြစ်လာတဲ့အခါ ဒီအချက်က ဥပဒေအရ ခွဲခြားဆက်ဆံတာအပြင် တဖက်မှာလည်း လူမှုရေးမှာရော ပတ်ဝန်းကျင်မှာရော ခွဲခြားဆက်ဆံဖို့ကို ဥပဒေအရကိုက အခွင့်အရေးပေးလိုက်သလိုမျိုး ဖြစ်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ရှုမြင်သုံးသပ်ကြပါတယ်။
“ဒီတရားဥပဒေနဲ့ ပတ်သက်တဲ့ အထောက်အထားတို့ အလုပ်လျှောက်တာပဲဖြစ်ဖြစ်၊ အစိုးရအလုပ် လျှောက်တာပဲဖြစ်ဖြစ် မိခင်တဦးထဲ နာမည်နဲ့ပဲ လုံလောက်သင့်တယ်” လို့ (အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ))WLB ရဲ့အထွေထွေအတွင်းရေး မှူးဖြစ်တဲ့ မနန်းမို့မို့က ပြောပါတယ်။
မြန်မာပြည်မှာ မုဒိမ်းမှုကြောင့်ဖြစ်စေ၊ ချစ်သူရည်းစားချင်း ချစ်ကြိုက်ပြီး ကိုယ်ဝန်ဆောင်ရလို့ ဖြစ်စေ၊ ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲပြီးလို့ ဖြစ်စေ၊ ယောက်ျားသေဆုံးသွားလို့ဖြစ်တဲ့ စတဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် Single Mom အဖြစ်နဲ့ ရုန်းကန်ရပ်တည်ကြတဲ့ မိခင်တွေ များလာပါတယ်။ ဒီနေရာမှာ လက်ထပ်ထားပြီးသား Single Mom တွေအနေနဲ့ကတော့ မွေးစာရင်းပြဿနာကြောင့် ခေါင်းမကိုက်ရပေမဲ့ မုဒိမ်းမှုကြောင့်၊ ဆွေမျိုးသားချင်း ကြောင့်၊ ရည်းစားကြောင့် ကိုယ်ဝန်ရလာပြီး ဒီကလေးကိုမွေးရတဲ့အခါမှာ မွေးစာရင်းပြဿနာက မိခင်တွေကို အခက်တွေ့စေပါတယ်။
ဖခင်အမည် မထည့်ရင် မွေးစာရင်းလုပ်လို့ မရဘူးဆိုတဲ့ အချက်တခုနဲ့တင် မုဒိန်းကောင်ကို ဖခင်နေရာမှာ ထားမလား၊ ဆွေမျိုးရင်းခြာကိုပဲ ဖခင်နေရာ ထားမလား၊ တာဝန်မယူတဲ့ ရည်းစားကိုပဲ ဖခင်နေရာ ထည့်ရမလား ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ကလေးရလာတဲ့ Single Mom တွေ အတွက်တော့ နောက်ထပ် စိန်ခေါ်မှုကြီး တခုပါပဲ။
အမေတွေကို တရား ဝင်အသိအမှတ် ပြုကြတဲ့ အခန်းကဏ္ဍ ပိုမြှင့်ပေးသင့်တယ်လို့ မကေသွယ်က သူမရဲ့ အမြင်ကို အခုလိုပြောပါတယ်။
“ကလေးမွေးစာရင်းသွင်းချိန်မှာ”အဖေမှတ်ပုံတင်” ပါမှတဲ့။ လူတိုင်းမှာ အဖေရှိရမယ်ဆိုတဲ့ မူဝါဒအားဖြင့် ပုံသေသတ်မှတ်ထားတဲ့ စနစ်ကစပြီး မှားနေတာ”
အဖေမရှိတဲ့ ကလေးက အဖေနာမည်ထည့်ဖို့ အခက်အခဲတွေဖြစ်လာတဲ့အခါ ဒါက ဥပဒေအရကို ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ အမျိုးသမီးအရေး ဦးဆောင်လှုပ်ရှားနေသူ တဦးဖြစ်တဲ့ မနန်းမို့မို့ကလည်း သူမအမြင်ကို အခုလိုပြောထားပါတယ်။
“ဒီလိုမျိုး တမင်သက်သက် ဖခင်နာမည်တမျိုးထဲ ထည့်ခြင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် မပြုတာ ဖြစ်တယ်ပေါ့နော်။ အသိအမှတ် မပြုတဲ့အပြင် တဖက်မှာကလည်း ဘာဖြစ်လဲဆိုတော့ ဒါက ခွဲခြားဆက်ဆံဖို့အတွက် အစဖော်ပေးလိုက်သလိုပဲပေါ့။ တဖက်မှာကလည်း Social လူမှုရေးမှာရော ပတ်ဝန်းကျင်မှာရော ခွဲခြားဆက်ဆံဖို့ကို ဥပဒေအရကိုက အခွင့်အရေးပေးလိုက်သလိုမျိုးဖြစ်တယ်လို့ ကျမတို့အနေနဲ့ သုံးသပ်ပါတယ်”
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ Single Mom တွေအတွက် မိခင်အုပ်ထိန်းခွင့် အပြည့်အဝရတဲ့ နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မိခင်ရဲ့ အလိုအလျောက် မိဘအခွင့်အရေးကို အလေးပေးထားပါတယ်။ မိခင်က ကလေးရဲ့ အဓိက အုပ်ထိန်းသူဖြစ်ပါတယ်။
အာဆီယံနိုင်ငံအများစုက အမျိုးသမီးများနဲ့ ကလေးများရဲ့ အခွင့်အရေးများကို ကာကွယ်ဖို့ ဥပဒေများ ချမှတ်ထားပေမဲ့ လက်တွေ့ အကောင်အ ထည်ဖော်မှု၊ လူမှုရေးအသိအမြင်နဲ့ ထောက်ပံ့မှုစနစ် ကွာဟမှုတွေကြောင့် Single Mom များ အနေနဲ့ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
🔹ဒီခရီး နီးသလား
ကျမတို့ လူ့အဖွဲ့အစည်းအနေနဲ့ ဒီလိုအမျိုးသမီး အိမ်ဦးနတ်တွေကို တရားဝင် အသိအမှတ်ပြုဖို့ လိုအပ်နေပါပြီ။ ဖခင်နာမည်ခံ သက်သက်တွေထက် ကလေးရဲ့ဘဝအတွက် တကယ် ရုန်းကန် ကြိုးစားပေးခဲ့တဲ့ မိခင်တွေရဲ့ အခန်းကဏ္ဍကို တရားဝင်နေရာပေးသင့်ပါပြီ။
ဒီလိုမိခင်တွေကို ပိုမိုပံ့ပိုးကူညီနိုင်မယ့် လူမှုအစီအစ ဉ်တွေ၊ ဥပဒေရေးရာ အကာအကွယ်တွေ (ဥပမာ- ကလေးစရိတ် ထောက်ပံ့မှုဥပဒေများ) ပိုမိုလိုအပ် နေပြီဖြစ်ပါတယ်။ အခုအချိန်က “မှီခို” ဆိုတဲ့ အသုံးအ နှုန်းကို ပယ်ဖျက်ပေးဖို့ အချိန်ဖြစ်ပြီး အမျိုးသ မီးတွေရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသိအ မှတ်ပြုတဲ့ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်ဖို့ အချိန်တန်ပြီပဲဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ကျမတို့ရဲ့ မျိုးဆက်သစ်တွေက သူတို့မမြင်ဖူး၊ မသိဘူးလိုက်တဲ့ အမည်ခံ ဖခင် တွေနဲ့ပတ်သက်ပြီး ဆောင်းပါးအစမှာ မေးခဲ့သလိုမျိုး မေးခွန်းထုတ်လာတဲ့အခါ ကျမတို့ ဘယ်လို အဖြေပေးကြမလဲဆိုတာ ကြိုပြီး စဉ်းစားထားသင့်ပါပြီ။ ဒီလိုကြိုစဥ်းစားထားမှသာ Single Mom တွေ တဦးတည်း ကြိုးစားရုန်းကန် ပြုစုပျိုးထောင် ခဲ့ရတဲ့ ကလေးတွေဟာ ငါတို့ အမေ အိမ်ဦးနတ်ဆိုပြီး ဂုဏ်ယူကျေနပ်စွာ ပြောဆိုနိုင်ပါလိမ့်မယ်။
Ref: An Ultimate Guide to an Illegitimate Child’s Rights, Birth Registration, and Legitimization,
World Population Review
Being a Single Mom in 2025: More than just number, it’s a daily adventure
#အမျိုးသမီး #အိမ်ဦးနတ် #ဆောင်းပါး #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH