“လူတယောက် တနေ့ လုပ်အားခ တသောင်းခွဲဆို ကြိုပေးနဲ့ တသောင်းယူလိုက်၊ လောင်းကစားဝိုင်း သွားကစားလိုက် ။ ပြီးရင် လုပ်အားနဲ့ ပြန်ဆပ်ပေါ့။
ဇွန် ၂၀။
ဧရာဝတီတိုင်း ၊ ကျုံပျော်မြို့နယ်ထဲက ဓနော်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝေ ဦး ဆောင်ပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် ပြုလုပ်နေပါတယ်။
“မိုးမရွာခင်က လယ်ကွင်းထဲ လုပ်ကြတာ ၊ မိုးရွာတော့ ရွာထဲလမ်းဘေးတင် တဲတွေဆောက်ပြီး ဖဲဝိုင်း ၊လေးကောင်ဂျင်၊ခြောက်ကောင်ဂျင် ပေါ်တင်လုပ်နေကြတာ”လို့ ဓနော်ကျေးရွာအုပ်စုမှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ်။
ဓနော်ကျေးရွာအုပ်စုထဲမှာ ဓနော်၊ သရက်ချောင်း၊ ဂဏိမ်း၊ ငနယ်၊ လိင်ကုန်း၊ အုန်းပင်စု၊ ဆင်ချောင်း၊ ကျောက်ပုန်း စတဲ့ကျေးရွာတွေပါဝင်ပါတယ်။
ဧပြီလက စပြီး အုပ်ချုပ်ရေးမှူး ဦးချစ်ဝေ ဦး ဆောင်ကာ အုန်းပင်စုကျေးရွာမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
ဓနော်ကျေးရွာ အုပ်စုဟာ ကျုံပျော်နဲ့ပန်းတနော်မြို့နယ် အစပ်မှာ ရှိနေပြီး ရေစခန်းရဲကင်းအပိုင်း ဧရိယာထဲမှာ ရှိနေပါတယ်။ အခုလို လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင်လုပ်နေတာကို ရေစခန်းရဲကင်း စခန်းမှူး ရဲလွင်ဦးကလည်း လိုင်းကြေးယူပြီး မသိချင်ယောင်ဆောင်ပေးနေတယ်လို့ အုန်းပင် စုကျေးရွာ ဒေသခံက ပြောပါတယ်။
“အဆောင်တွေ ဝါးနဲ့ အမိုးကို တာပေါ်လင်နဲ့ကို ထိုးပြီးလုပ်တာ ၊ အရက်ဆိုင်၊ဘီယာဆိုင်၊ထမင်းဆိုင် လိုရာရတယ်”လို့ အုန်းပင်စုရွာက လောင်းကစားဝိုင်းတွေအကြောင်းကို ရှင်းပြပါတယ်။
အခုလို ကျေးလက်တွေမှာ လောင်းကစားဝိုင်းတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုပေးနေတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးကလည်း သုံးသပ်ပါတယ်။
“ပြည်သူ လူထုကို ဆင်းရဲသထက် ဆင်းရဲ ၊ ကျပ် တည်းသထက် ကျပ်တည်းပြီး နိုင်ငံရေးကို စိတ်မဝင်စားနိုင်အောင် လောင်းကစားဝိုင်းတွေ ၊ ပျော်ပွဲရွှင်ပွဲတွေကို ခွင့်ပြုပေးနေတာ”လို့ သူက ပြောပါတယ်။
ဒီလောင်းကစားဝိုင်းတွေကနေ စစ်တပ် ဒေါက်တိုင် ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက အကြိုးအမြတ်ရနေတာ ဖြစ်လို့ ကျေးရွာပြည်သူတွေအနေနဲ့ ဒီလိုလောင်းက စားဝိုင်းတွေကို ရှောင်ကြဉ်သင့်တယ်လို့လည်းသူက အကြံပြုပါတယ်။
ရွာမှာ လောင်းကစားဝိုင်းတွေ ပေါ်လာပြီးနောက်ပိုင်း လက်လုပ်လက်စားသမားအများစုဟာ အဲဒီ့လောင်းကစားဝိုင်းတွေမှာသာ အချိန်ဖြုန်းကြပြီး စီးပွားရေးတွေလည်း ပိုပြီး ကျပ်တည်းလာကြတယ်လို့ ဒေသခံတဦးက မှတ်ချက်ပေးပါတယ်။
“လူတယောက် တနေ့ လုပ်အားခ တသောင်းခွဲဆို ကြိုပေးနဲ့ တသောင်းယူလိုက်၊ လောင်းကစားဝိုင်း သွားကစားလိုက် ။ ပြီးရင် လုပ်အားနဲ့ ပြန်ဆပ်ပေါ့။ ငွေတိုးဆိုလည်း ပိုက်ဆံတသိန်းကို ငါးရက် ချေးပြီး တသိန်းသုံးသောင်းပြန်ဆပ်ရတယ် ရက်ကျော်လို့ မရဘူး”လို့ ရွာမှာ အကြွေးပေါ် အတိုးဆင့်နေကြပုံကို ရှင်းပြပါတယ်။
အခြေခံလူတန်းစားတွေ အများစုရှိတဲ့ အခုလိုကျေး ရွာတွေမှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်လာကြပြီး နောက်ပိုင်းမှာ သူခိုး၊သူဝှက်တွေ ပေါများလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပုံစာ-ဓနော်ကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာတံတားကို တွေ့ရစဉ်