ထရမ့်ရဲ့ အခုအမိန့်ဟာ TikTok ရဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ ByteDance ကို အမေရိကန်ဆီရောင်းချဖို့ တတိယအကြိမ်မြောက် သက်မှတ်ရက်တိုးပေးတာလည်း ဖြစ်ပါတယ်။
၂၀ ၊ ဇွန်လ
TikTok အက်ပလီကေးရှင်းကို အမေရိကန်အခြေစိုက်ပိုင်ရှင်တစ်ဦးဆီရောင်းချဖို့ TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေခဲ့တာ လနဲ့ချီကြာပါပြီ။
ဇွန်လ ၁၉ရက်နေ့မှာတော့ နောက်ထပ် ရက် ၉၀ တိုးပေးမယ့် အမိန့်တခုကို သမ္မတ ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထရမ့်က သူ့ရဲ့ Truth Social မှာ “TikTok ပိတ်သိမ်းမှုအတွက် သတ်မှတ်ထားတဲ့ အချိန်ကို ၉၀ ရက် (၂၀၂၅ခုနှစ် စက်တင်ဘာ ၁၇)အထိ ထပ်တိုးပေးတဲ့ အမိန့်ကို လက်မှတ်ရေးထိုးပြီးပါပြီ။”လို့ ရေးသားခဲ့ပါတယ်။
ByteDance ကုမ္ပဏီဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ အခြေစိုက်ဖြစ်တာကြောင့် TikTok အက်ပလီကေးရှင်းက သုံးစွဲသူဒေတာတွေကို တရုတ်အစိုးရဆီ ပို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အစောပိုင်းမှာ ပေါ်ထွက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး TikTok ထုတ်ပြန်ချက်တခုမှာ “TikTok ကို အသုံးပြုနေတဲ့ အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော်နဲ့ အမေရိကန်စီးပွားရေးလုပ်ငန်း ၇ ဒဿမ ၅ သန်းအတွက် ဝန်ဆောင်မှုတွေ စဉ်ဆက်မပြတ်ရေး သေချာစေဖို့ သမ္မတထရမ့်ရဲ့ ဦးဆောင်မှုနဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒုသမ္မတ Vance ရဲ့ရုံးနဲ့ အတူတကွ ဆက်လက်လုပ်ကိုင်နေပါတယ်” လို့ ဖော်ပြထားပါတယ်။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလိုင်းလစ်ဗစ် ကလည်း သမ္မတထရမ့်ဟာ TikTok ကို မပိတ်ချင်ကြောင်း အခု ၉၀ ရက် သက်တမ်းတိုးကာလမှာ TikTok အက်ပကေးရှင်း ရောင်းချရေး အောင်မြင်ဖို့ အစိုးရအနေနဲ့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါမှသာ အမေရိကန်ပြည်သူတွေအနေနဲ့ TikTok ကို ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ သူတို့ရဲ့ဒေတာလုံခြုံမှုအပေါ် ယုံကြည်မှုရရှိနိုင်မှာ ဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
လက်ရှိ အမေရိကန်မှာ TikTok အက်ပလီကေးရှင်း အသုံးပြုသူအရေအတွက် သန်း ၁၇၀ ရှိပြီး TikTok ပိတ်သိမ်းရေးအပေါ် ထောက်ခံမှုကလည်း လျော့နည်းလာပြီလို့ Pew Research Center ရဲ့ လေ့လာချက်အရ ဖော်ပြထားသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်ကြောင့် အမေရိကန်မှာ TikTok ပိတ်သိမ်းရေး ဥပဒေတစ်ရပ်ကို ဘိုင်ဒင်အစိုးရလက်ထက်မှာကတည်းက အစပြုခဲ့ပြီး အခုနှစ်အစောပိုင်း ထရမ့်အစိုးရတက်လာတဲ့ အခါမှာလည်း TikTok ဝန်ဆောင်မှု ယာယီရပ်ဆိုင်းခဲ့ရပါသေးတယ်။
ဒါပေမယ့် ထရမ့်က TikTok ကို ဆက်လက်အသုံးပြုခွင့်ပေးမယ်လို့ ထုတ်ပြန်ပြီးနောက် အခုချိန်ထိ သုံးလို့ရနေတာ ဖြစ်ပါတယ်။
TikTok ကုမ္ပဏီကတော့ အမေရိကန်ပြည်သူအတွက် လုံခြုံရေးအန္တရာယ်ရှိတယ်ဆိုတဲ့အချက်ကို ငြင်းဆိုထားပြီး အမေရိကန်သုံးစွဲသူတွေရဲ့ဒေတာတွေကို တရုတ်မှာ သိမ်းဆည်းထားတာ မရှိဘူးလို့လည်း ဆိုထားပါတယ်။
Ref – nbcnews
#TiktTok #အမေရိကန် #ပိတ်သိမ်း #သက်တမ်းတိုး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH