မြောင်းမြအ.ထ.က(၆)ကျောင်းသူတွေအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ဖြစ်စဉ်စုံစမ်းစစ်ဆေးမှုဘက်လိုက်မှုတွေရှိနေလို့အရေးယူပေးရန်တောင်းဆို


“ သူက (နစ်နာသူ) ညဘက်တွေ အိပ်မရလို့ ဆေးတွေသောက်နေရတဲ့ကလေးပါ။ အဲ့ဒါကို မိဘတွေမပါပဲ အခန်းထဲမှာ ခရိုင်ပညာရေးမှူးရုံးက တာဝန်ရှိသူတွေက တံခါးပိတ်ပြီးစစ်နေတာ ၁ နာရီကျော် ကြာတယ်။ တရားရုံးတောင် တရားခံကို အခန်းတံခါးပိတ်ပြီး အဲ့လိုမစစ်ဘူး။ ခုက စိတ်ဒဏ်ရာရနေတဲ့ ကလေး ဒါက လုံးဝမဖြစ်သင့်ဘူး။ ပါဝင်သူတွေ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေး ယူစေချင်တယ်” လို့ ဒီဖြစ်စဥ်ကို အနီးကပ် စောင့် ကြည့်လေ့လာနေပြီး ကူညီနေသူ တဦးက ဆိုပါတယ်။

၁၉၊ဇွန်။

အခုရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတဲ့ မြောင်းမြမြို့ အ.ထ.က (၆) က အလယ်တန်း ကျောင်းသူတွေ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ဖြစ်စဉ်နောက်ဆက်တွဲအဖြစ် နစ်နာသူကို အခန်းတံခါးပိတ်ကာ ၁ နာရီကျော်ကြာ စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ မြောင်းမြခရိုင် ပညာရေးမှူးရုံးက တာဝန်ရှိသူတွေအပါအဝင် ဆက်စပ်သူတွေကို အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ကျောင်းသူခြောက်ဦးက အခြားကျောင်းသူတဦးကို ကျောင်းအနီးဝန်းကျင်မှာ အကြိမ်ကြိမ်ပါးရိုက်ခြင်း၊ ကန်တော့ခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖြစ်စဉ်ကို ဗီဒီယို ရိုက်ထားခြင်းစတဲ့ လုပ်ရပ်တွေကို ကျူးလွန် နေတဲ့ ရုပ်သံဖိုင်တခု တစ်တော့လူမှုကွန်ရက်ကနေ စတင်ပြန့်လာခဲ့ပြီးနောက်မှာ ပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် လာတာပါ။

အဲ့ဒီရုပ်သံဖိုင်ပြန့်နှံ့မှုကြောင့် ဇွန်လ ၁၈ ရက်နေ့ကတည်းက ကျောင်းဘက်က ဖြေရှင်းနေတယ်လို့ ဆိုထားပေမယ့် ကျူးလွန်သူတွေဘက်ကို မျက်နှာ လိုက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပြီး ခရိုင်ပညာရေးမှူးရုံးက ဒီကနေ့ ဇွန် ၁၉ ရက်နေ့မှာ နစ်နာသူကို အခန်းတံခါးပိတ်ကာ စစ်မေးတယ်ဆိုတဲ့ ကိစ္စဆက်ဖြစ်လာခဲ့တာပါ။

“ သူက (နစ်နာသူ) ညဘက်တွေ အိပ်မရလို့ ဆေးတွေသောက်နေရတဲ့ကလေးပါ။ အဲ့ဒါကို မိဘတွေမပါပဲ အခန်းထဲမှာ ခရိုင်ပညာရေးမှူးရုံးက တာဝန်ရှိသူတွေက တံခါးပိတ်ပြီးစစ်နေတာ ၁ နာရီကျော် ကြာတယ်။ တရားရုံးတောင် တရားခံကို အခန်းတံခါးပိတ်ပြီး အဲ့လိုမစစ်ဘူး။ ခုက စိတ်ဒဏ်ရာရနေတဲ့ ကလေး ဒါက လုံးဝမဖြစ်သင့်ဘူး။ ပါဝင်သူတွေ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်”လို့ ဒီဖြစ်စဥ်ကို အနီးကပ် စောင့်ကြည့်လေ့လာနေပြီး ကူညီနေသူတဦးက ဆိုပါတယ်။

ဒါပေမယ့် တဖက်က ကျူးလွန်သူတွေကိုတော့ ဘယ်လိုဆက်ဆောင်ရွက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ကျောင်းဘက်က သတင်းတခုမှ မထွက်ရအောင် ဆောင်ရွက်ထားတယ်လို့လည်း ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“တကယ်တော့ ဒီကိစ္စကို ဖုံးထားဖို့ကြိုးစားကြသေးတာ။ ခုက ဘယ်လိုမှဖုံးမရအောင် ပေါ်လာလို့။ ကျူးလွန်သူတွေထဲက မျက်နှာမပါတဲ့သူတွေကိုတောင် စစ်ဆေးတဲ့အထဲ မထည့်ဘဲထားတယ်လို့ သိထားတယ်။ ဒီမှာဖြစ်သွားတာ ဒီကလူတွေ မသိလိုက်ရတဲ့အထိ တိုးတိုးတိတ်တိတ်ပြီးသွားတာ ကြောက်ဖို့တောင် ကောင်းတယ်” လို့ ကျောင်းနဲ့နီးစပ်သူတဦးက ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဘက်က သိရှိထားပေမယ့် ဖိအားတွေကြောင့် နစ်နာသူ ကျောင်းသူလေးမိသားစုဟာ ရှေ့ဆက်မတိုးနိုင်ဖြစ်ခဲ့ကာအခု လူမှုကွန်ရက်မှာ ပြန့်နှံ့လာချိန်မှသာ ကျောင်းဘက်က ခုမှသိသလို စုံစမ်းတာတွေပြုလုပ်နေတာဖြစ်တယ်လို့
သိရပါတယ်။

“ ကလေးကို ကျောင်းလွှတ်ဖို့တောင် ကြောက်သွားတယ်။ ကိုယ်တက်ခဲ့တဲ့ကျောင်းပေမယ့် အခုက ကျောင်းဘက်က ရှင်းရှင်းကြီးပေါ်နေတဲ့ မတရားမှုမှာ ဘာကိုဖုံးကွယ်ချင်နေမှန်းမသိဘူး။ မြို့နယ်ရော၊ ခရိုင်ရော အကုန်လုံးက အတူတူတွေပဲ။ ဘယ်လိုဆက်စပ်မှုတွေ ရှိနေကြလို့ ဒီလိုတွေ ဖုံးဖိဖို့ကြိုးစားနေကြတာလဲဆိုတာကို စုံစမ်းနေကြတဲ့သူတွေလည်း ရှိပါတယ်” လို့ အဲ့ဒီကျောင်းရဲ့ ကျောင်းသူဟောင်းတဦးက ဆိုပါတယ်။

ဒီကိစ္စကို စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီ တိုင်းအစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် အခုချိန်ထိ ကျူး လွန်သူတွေကို အပြစ်ပေး အရေးယူမှုတွေ မရှိသေးတာ၊ ကျူးလွန်ခံရသူကိုသာ ဆက်တိုက် စစ်မေးတာတွေ ပြုလုပ်နေတာကြောင့် ကျောင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မကျေနပ်ဘူးလို့ မြောင်းမြဒေသခံတွေက DNA ကိုပြောပါတယ်။

မြောင်းမြမြို့နယ် အ.ထ.က (၆) ဟာ လွန်ခဲ့တဲ့ ကာလတွေတုန်းက နာမည်ကောင်းနဲ့ ရပ်တည်ခဲ့ပေမယ့် ပြီးခဲ့နှစ်က ကျောင်းအလိုက်ပြိုင်ကြတဲ့ ဘောလုံးပွဲမှာ အထက(၆)က ကျောင်းသားတဦးရဲ့ ကန်ချက်ကြောင့် လူတဦးအရှိုက်ထိပြီး ဆေးကုသစဉ် သေဆုံးသွားတဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပြီး ဒီမနှစ်မှာ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စတွေပါ ရှိလာနေတာလို့လည်း သိရပါတယ်။

အဲ့ဒီဖြစ်စဉ်မှာလည်း ကန်လိုက်တဲ့ ကျောင်းသားက ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုဖြစ်ရတယ်ဆိုတဲ့ ရှင်းလင်းချက်တွေမရှိပဲ ပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အဲ့ဒီကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမ နှစ်ဦးနဲ့ DNA က အဆက်သွယ်ရခဲ့ပေမယ့်လည်း ကျောင်းဘက်က ဘာကိုမှ ထုတ်ဖော်မပြောဖို့ ကန့်သတ်ထားတယ်ဆိုတဲ့ အဖြေကိုသာ ရရှိခဲ့ပါတယ်။