မလေးရှားမှာထိန်းသိမ်းခံထားရတဲ့လေးမျက်နှာမြို့နယ်မှန်စီရွာဒေသခံတဦး နေရပ်ပြန်ဖို့မိသားစုနဲ့အဆက်အသွယ်ရရန်လိုအပ်နေ


“ ထိန်းသိမ်းရေးစခန်းကနေ နေရပ်ပြန်ပို့နိုင်ဖို့အတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း ပြနိုင်ဖို့ လိုအပ်နေတာကြောင့် ပြည်တွင်းနေ မိသားစုဆီ ဆက်သွယ်ဖို့ကြိုးစားနေပေမယ့် ပြည်တွင်းမှာလည်း မိသားစုဟာ စစ်ရှောင်နေရတာကြောင့် အဆက်သွယ်မရရှိနိုင်ပဲဖြစ်နေတာပါ။”

၁၈၊ဇွန်

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကတည်းက တိုက်ပွဲတွေပြင်းထန်နေလို့ စစ်ရှောင်နေကြရတဲ့ လေးမျက် နှာမြို့နယ် မှန်စီရွာက ဒေသခံတဦးဟာ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရပြီး မိသားစုနဲ့အဆက်သွယ်မရလို့ နေရပ်ပြန်နိုင်ဖို့အခက်အခဲကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ မှန်စီကျေးရွာနေ ဖခင် ဦးလှစိုးနဲ့ မိခင် ဒေါ်ဌေးဝင်း(ကွယ်လွန်)တို့ရဲ့ သားဖြစ်သူကိုအောင်သူစိုး(ခ) နိုးတူးဟာ မလေးရှားနိုင်ငံ၊ လန်ကတ်မြို့၊ လန်ကတ်ထိန်းသိမ်းရေးစခန်းမှာ ထိန်း သိမ်းခံနေရတာဟာ ၈ လဝန်းကျင်ရှိနေတာဖြစ်ပါတယ်။

ထိန်းသိမ်းရေးစခန်းကနေ နေရပ်ပြန်ပို့နိုင်ဖို့အတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း ပြနိုင်ဖို့ လိုအပ်နေတာကြောင့် ပြည်တွင်းနေ မိသားစုဆီ ဆက်သွယ်ဖို့ကြိုးစားနေပေမယ့် ပြည်တွင်းမှာလည်း မိသားစုဟာ စစ်ရှောင်နေရတာကြောင့် အဆက်သွယ်မရရှိနိုင်ပဲဖြစ်နေတာပါ။

“ ကျွန်တော်တို့ အမျိုးမျိုးတော့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှဆက်သွယ်မရတာနဲ့ လိုင်းပေါ်တင်တာပေါ့နော်။ ဝိုင်းရှယ်ကြလို့ မိသားစုက ဒါမှမဟုတ်လည်း နီးစပ်သူတွေကတွေ့ရင်ကူညီနိုင် အောင်ပေါ့။စစ်ရှောင်နေကြရတာကိုတော့ကျွန်တော် တို့ မသိခဲ့ပါဘူး”လို့ ကူညီဆောင်ရွက်ပေးနေသူ တဦးက ပြောပါတယ်။

ပုံမှန်အားဖြင့် နေရပ်ပြန်ပို့ခံရသူတွေဟာ မှတ်ပုံတင် ရှိတယ်ဆိုရင်ကို မှတ်ပုံတင်နဲ့ သံရုံးမှာလေယာဉ် လက်မှတ်ဖိုးငွေ ပေးသွင်းပြီးရင် နေရပ်ပြန်ဖို့ လုပ် ငန်းစဉ်က ပြီးစီးသွားလေ့ရှိပေမယ့် ကိုအောင်စိုးသူအတွက်က မှတ်ပုံတင်၊ သန်းခေါင်စာရင်းပါ မရှိတာကြောင့် အခုလိုကြိုးစားရှာဖွေနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ အနေကြာနေပြီဖြစ်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိစ္စကို ကူညီနေတဲ့ အမည်မဖော်လိုသူ တဦးက” သံရုံးကို အကျိုးအ ကြောင်းပြောပြပြီး သံရုံးထောက်ခံချက်ကို တောင်းရမှာပဲ။ မိသားစုကို ဆက်သွယ်လို့မရရင်လည်း ငယ်စာရင်းရှိတဲ့ရုံးကနေ စာရင်းပြန်ယူရမှာပေါ့။ ဘယ်လိုမှလုပ်မရရင်တော့ သံရုံးက ဘာဆက်လုပ်
မယ်ဆိုတာတော့ မသိဘူးပေါ့နော်” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းထဲမှာ အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ အခုဆိုရင် လေးမျက် နှာ၊ ငသိုင်းချောင်းစတဲ့ဒေသတွေအနီးထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီက သူတို့စွန့်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်လိုက်တာကြောင့်လည်း ဒေသတွင်းမှာ ကျန်ရစ်ခဲ့တဲ့သူတွေကို ဆက်သွယ်ဖို့ ခက်ခဲသလို စစ်ရှောင်နေရသူတွေဟာလည်း တနေရာစီဖြစ်ကုန်တာမို့ အဆက်သွယ်ရဖို့ ခက်ခဲနေရတာပါ။