ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကကျောင်းအုပ်ဆရာမကြီးတဦး မြို့အထွက်ဆီဆိုင်တခုမှာ ဆိုင်ကယ်ဆီဖြည့်နေတုန်း ဘရိတ်ပေါက်ပြီး ဝင်လာတဲ့ ကုန်ကားဝင်တိုက်မိလို့ သေဆုံးသွားတယ်လို့ မိသားစုဝင်တဦးလူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။
၁၆၊ ဇွန်။
သေဆုံးသူဟာ အသက် ၅၉ နှစ်အရွယ်ရှိ အမက(ပကွဲ)ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးဖြစ်ပြီး တခြားဆရာတဦးနဲ့ ညနေကျောင်းဆင်းအပြန် ဆီဝင်ဖြည့်တုန်းကားတိုက်ခံရပြီး သေဆုံးသွားခဲ့တာပါ။
CCTV မှတ်တမ်းအရတော့ ဆီဖြည့်ဖို့ ဝင်လာတဲ့ ကုန်တင်ကားက အရှိန်မရပ်ဘဲ ဆီဖြည့်တာကို ရပ်စောင့်နေတဲ့ ဆရာမကြီးကို တိုက်မိသွားပြီး ဆရာမကြီးက ကားဘီးအောက်ကိုပါ ရောက်သွားခဲ့ရပါတယ်။
ဆရာမကြီးနဲ့ အတူပါလာတဲ့ အဖော်ကျောင်းဆရာကတော့အနီးကပ် ကားဝင်လာတာကို တွေ့တာနဲ့ အမြန်တိမ်းရှောင်လိုက်နိုင်လို့ကပ်သီလေး လွတ်သွားခဲ့ရတာပါ။
အခုလို ဆရာမကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ယာဥ်မောင်းဖြစ်သူကို ဘယ်လို အရေးယူထားလဲဆိုတာကိုတော့ DNA အနေနဲ့ အတိအကျမသိရသေးပါဘူး။