“ အမတ ၃၄၄ ဟာ ဂွ-ငသိုင်းချောင်း လမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးတပ်စခန်းဖြစ်ပြီး အဲ့ဒါကျသွားရင်တော့ ငသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေလည်း စစ်ရေးအရ ခြိမ်းခြောက်ခံလာရနိုင်ပါတယ်။”
၁၆၊ ဇွန်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ် ရင်း(အမတ) ၃၄၄ ဘက် ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကတော့ လက် နက်ကြီးရော လေကြောင်းကနေပါ ပစ်ခတ်ခုခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက်တင်ပဲ တိုက်ခိုက်ရေး ပုစဉ်း(ရဟတ်ယာဥ်)နှစ်ကောင် တနာရီခြားလောက် အနိမ့်ပျံသွားပြီး နာရီဝက်လောက်ကြာတော့ ပေါက်ကွဲသံကျယ်ကျယ် လေး၊ ငါးကြိမ်လောက် ကြားရတယ်” လို့ ငသိုင်းချောင်းမြို့ခံ လူငယ်အမျိုးသားတဦးက DNA ကို ပြောပါတယ်။
ငသိုင်းချောင်းမြို့နဲ့ ဆယ်မိုင်ခန့်အကွာ ဂွ-ငသိုင်းချောင်း ကားလမ်းပေါ်မှာရှိတဲ့ အမတ ၃၄၄ ရဲ့ ကာကင်းစခန်းတွေကို မတ်လလောက်ကတည်းက အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်
တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာတော့ တပ်ရင်းဌာနချုပ် ဝန်းကျင်အထိ တိုက်ပွဲတွေ ရှိလာနေပြီလို့ သိရပါတယ်။
“၃၄၄ ကတော့ မကျသေးဘူးဗျ၊ တိုက်ပွဲကတော့ ခပ်ပါးပါးပဲ၊ တလရ ဘက်က ပျောက်ကြားစနစ်နဲ့ လာချလိုက် ပြန်ဆုတ်လိုက်လို့ထင်တယ်၊ အပြန်အ လှန်ပစ်ကြတဲ့အချိန်က နည်းပေမယ့် သူတို့(စစ် တပ်)ကတော့ လက်နက်ကြီး တောက်လျှောက်ပစ်တယ်” လို့လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတဝိုက်မှာပဲရှိသေးတဲ့ ဒေသခံတဦးက ပြောပါတယ်။
အမတ ၃၄၄ နဲ့ ဧရာဝတီ-ရခိုင်ပြည်နယ် နယ်စပ် နယ်ခြားကျောက်တိုင်ကြား စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းကြီး သုံးခုထက်မနည်းရှိပြီး အမတ ၃၄၄ နဲ့အနီးဆုံးမှာရှိတဲ့ ကျောက်တိုင်ဗွေက ကာကင်းစခန်းကိုတော့ ပြီးခဲ့တဲ့အပတ်ကပဲ AA ပူးပေါင်းတပ် တွေ သိမ်းလိုက်နိုင်ပြီလို့ ဆိုပါတယ်။
“အခုက တပ်ရင်းကို တိုက်နေတာ၊ (စစ်တပ်ဘက်
က) အရေးကြီးလက်နက်တွေသယ်ပြီး ပြောင်းရွှေ့တာတွေပါ လုပ်နေကြတာ”လို့လည်း ငသိုင်းချောင်း မြို့ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ AA ပူးပေါင်းတပ် တွေ အမတ ၃၄၄ နားအထိ ရောက်ရှိလာလို့ အခုဇွန်လ ၁၂ ရက်မှာပဲ တပ်ရင်းရှိ အမြောက် ၅ လက်ထက် မနည်းကို ကားနှစ်စီးနဲ့သယ်သွားပြီး ကျုံပျော်ရှိ ခြေလျင်တပ်ရင်း(ခလရ) ၃၆ မှာ သွားရောက်နေရာချထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက DNA ကို ပြောထားပါတယ်။
ဒါပေမယ့် အမတ ၃၄၄ ဘက်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ဖွဲ့ဝင်အင်အားဖြည့်တင်းထားတုန်းပဲလို့လည်း ဆိုကြပါတယ်။
“တပ်ထဲလဲအင်အားကရှိသေးတယ် အပြင်နဲ့ အဝင် အထွက်ပိတ်ထားတယ်၊ (ခလရ) ၃၆ ကို အမြောက် တွေရွှေ့သွားတယ်၊ ပြန်လာတော့ ကုန်ကား ၃ စီးအပြည့် လူတွေပြန်ပါလာတယ်လို့ ထင်တယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
ဒါ့အပြင်ဇွန်လ ၁၂ ရက်က အမတ ၃၄၄ ထဲမှာရှိတဲ့ လက်နက်ကြီးတွေကို တွဲကား ၃ စီးနဲ့ ကျုံပျော် ခလရ ၃၆ ဆီ ကို ရွှေ့ပြောင်းပြီးတဲ့နောက် ၃၄၄ ထဲကို လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းခဲ့တာလို့လည်းဒေသခံတချို့ဆီကသိရပါတယ်။
“ ကုန်ကား တွေထဲမှာ လူမပါဘူး။ ခဲယမ်းတွေချည်းပဲ”လို့ ဒေသခံတဦးကပြောပါတယ်။
အမတ ၃၄၄ ဟာ ဂွ-ငသိုင်းချောင်း လမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးတပ်စခန်းဖြစ်ပြီး အဲဒါကျသွားရင်တော့ ငသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေလည်း စစ်ရေးအရ ခြိမ်းခြောက်ခံလာရနိုင်ပါတယ်။
ဒါ့အပြင် အမတ ၃၄၄ အနီး တိုက်ပွဲတွေ ရောက်လာချိန်ကတည်းကနေ စခန်းကိုစွန့်ခွာ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်လည်း ဆယ်ချီရှိပြီလို့ ဆိုကြပါတယ်။
“ကာကင်းတွေမှာက လူသစ်တွေမထားဘူး၊ လူသစ် တွေက ပြေးကြလို့ တပ်ထဲမှာပဲထားတယ်” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့ ညပိုင်းကဆိုရင်လည်း အမတ ၃၄၄ ကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေက ထိုးဖောက်ဝင်ရောက်ဖို့အထိ ကြိုးစားခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်သွားချိန်မှာတော့ အမတ ၃၄၄ က တပ်ကြပ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၆ ဦး ထွက်ပြေးသွားခဲ့ပါတယ်။
“တပ်ကပြေးသွားတဲ့လူတွေကို လိုက်ရှာကြတာကလည်း ရှုပ်ယှက်ခတ်နေတာပဲ”လို့အထက်ပါဒေသခံကပြောပါတယ်။
AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေဟာ အမတ ၃၄၄ နဲ့ လေးမိုင်အကွာလောက်မှာရှိတဲ့ မိသာလင်ကာကင်းတစ်ဝိုက်မှာ ဖြစ်ပွားနေတာလို့လည်းဆိုပါတယ်။
“လက်နက်ကြီးနဲ့ ပစ်လို့ရတဲ့အကွာအဝေးမှာတောင် မဟုတ်တော့ဘူး”လို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၂ ရက်က မိသာလင် ကာကင်းကို ဆုတ်ပေး လိုက်ရပေမယ့်လည်း လက်ရှိမှာပြန်လည်တပ်စွဲထားတယ်လို့လည်းသူကဆက်ပြောပါတယ်။
အမတ ၃၄၄ ပတ်ဝန်းကျင်မှာတော့ ညောင်ပင်သာရွာ ၊ ရေစမ်းရွာ ၊ ကျောင်းကုန်းစမ်းရွာ ၊ တောင်စမ်းရွာ မြောက်စမ်းရွာ ၊ မျှော့တူရွာ ၊ ကျောက်ခဲချောင်းရွာ ၊ ဂွေးတောက်ကွက်သစ်ရွာ ၊ သီတာကုန်းပြင်ရွာ ၊ ဆင်သေရွာ ၊ မိသာလင်ရွာ ၊ စဥ့်အိုးကွဲရွာတို့ဟာ အနီးကပ်ဆုံးအနေနဲ့ တည်ရှိကြပါတယ်။
လတ်တလောတိုက်ပွဲတွေကြောင့် တိုက်ပွဲအနီးအ နားက ဒေသခံတွေအပြင် သီတာကုန်းပြင်၊ ရေနံ့သာစတဲ့ နေရာတွေဘက်က ဒေသခံတွေပါ ငသိုင်းချောင်း၊ ရေကြည်ဘက် တိမ်းရှောင်ကုန်ကြပြီလို့လည်းသိရပါတယ်။
#ဧရာဝတီတိုင်းဒေသကြီး #ရေကြည်မြို့နယ် #မြောက်စမ်းကျေးရွာ #အမြောက်တပ် #တိုက်ပွဲဖြစ်