၁၅၊ ဇွန်
“လူကတော့ အစုံပါမှာပဲ၊ အဖမ်းခံရပြီး စစ်သားလုပ်ခိုင်းတဲ့လူရော၊ ပိုက်ဆံပေးပြီး အငှားလိုက်ပေးတဲ့လူတွေရောပါမှာ၊ စစ်တပ်ထဲ ဝင်ချင်လို့ ကိုယ့်သဘောနဲ့ကိုယ် လိုက်လာတဲ့သူတွေတော့ မပါလောက်တော့ဘူး” လို့ လေးမျက်နှာမြို့ခံ လူငယ်တဦးက မှတ်ချက်ပြုပါတယ်။
– စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁၄ အတွက် ဧရာဝတီတိုင်းထဲကနေ စုဆောင်းထားတဲ့ သင်တန်းသားအသစ်တွေ ပုသိမ်တပ်နယ်ထဲ ရောက်ရှိနေပြီလို့ စစ်ကောင်စီထိန်းချုပ်သတင်းစာတွေကဖော်ပြပါတယ်။
ဧရာဝတီတိုင်း ဒေသအသီးသီးကနေ စုဆောင်းထားတဲ့ သင်တန်းသားအသစ်တွေကို ပုသိမ်တပ်နယ် အားကစားခန်းမမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နဲ့အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်တို့ ဦးဆောင်တဲ့အဖွဲ့က ဇွန်လ ၁၄ ရက်၊ မနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ဖော်ပြထားတာပါ။
“လူကတော့ အစုံပါမှာပဲ၊ အဖမ်းခံရပြီး စစ်သားလုပ်ခိုင်းတဲ့လူရော၊ ပိုက်ဆံပေးပြီး အငှားလိုက်ပေးတဲ့လူတွေရောပါမှာ၊ စစ်တပ်ထဲ ဝင်ချင်လို့ ကိုယ့်သဘောနဲ့ကိုယ် လိုက်လာတဲ့သူတွေတော့ မပါလောက်တော့ဘူး” လို့ လေးမျက်နှာမြို့ခံ လူငယ်တဦးက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးကတည်းကနေ နိုင်ငံတဝန်း တပ်သားအသစ်တွေ ဆက်တိုက်စုဆောင်းလာခဲ့ရာ စစ်ကောင်စီက အပြည့်အဝနီးပါး ထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီတိုင်းဟာ တပ်သားအသစ် အများဆုံးစုဆောင်းခံရတဲ့ ဒေသတွေထဲက တခုဖြစ်လာပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် တခုချင်းစီအတွက် တပ်သားအသစ် ငါးသောင်း စုဆောင်းနေတယ်လို့ ပြောထားပြီး ဧရာဝတီတိုင်းကတော့ အပတ်စဥ်တိုင်းငါးထောင်ဝန်းကျင် စုဆောင်းခံနေရတာလို့ သိရပါတယ်။
တပ်သားအသစ်ဖြစ် စုဆောင်းထားတဲ့သူတွေကို ပုသိမ်တပ်နယ်နဲ့ ကွင်းကောက်မြို့ရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက) ၅ တို့မှာ အဓိက စစ်သင်တန်းပေးပြီး သင်တန်းဆင်းတပ်သားတွေကို နိုင်ငံအနှံ့ ပို့ဆောင်လေ့ရှိပါတယ်။
ဧရာဝတီတိုင်းထဲရှိ ရခိုင်နဲ့ ထိစပ်နေတဲ့ ဧရိယာတချို့မှာတော့ အခုနှစ် အစောပိုင်းကနေစပြီး တိုက်ပွဲတွေရှိလာလို့ အဲဒီဒေသတွေမှာ စစ်မှုထမ်းလူသစ်မစုဆောင်းနိုင်တော့တဲ့အတွက် စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ တပ်သားအသစ်ပိုမို စုဆောင်းတာတွေလည်း လုပ်ဆောင်လာပါတယ်။
“ပန်းတောကြီးဘက်မှာက သူတို့(စစ်တပ်)ခေါ်ဖို့ လူလည်းမရှိတော့ဘူး၊ အကုန်လုံးက အိုးမရှိ အိမ်မရှိထွက်ပြေးနေကြတော့ အဲ့ဘက်မှာ အင်အားစုလို့မရတော့ဘူး၊ အဲ့လိုဖြစ်တော့ ကွင်းကောက်ဘက်မှာရှိတဲ့ အုပ်စုတွေကို တအုပ်စုကို ခုနစ်ယောက်၊ ရှစ်ယောက် အဲလိုမျိုးတွေ တောင်းနေတာ” လို့ တိုက်ပွဲတွေကြောင့် ပန်းတောကြီးကနေ ကွင်းကောက်ဘက် တိမ်းရှောင်နေရသူတဦးက DNA ကို ပြောထားဖူးပါတယ်။
ဧရာဝတီတိုင်းတခုလုံးမှာတော့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်ရှိနေပြီး စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်တဲ့သူတွေရှိတဲ့ မိသားစုတွေက လစဥ် သုံးသောင်းကနေ တသိန်းအထိ ပေးဆောင်နေရတာတွေရှိပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရတဲ့သူတွေအတွက် အစားထိုးလိုက်ပေးတဲ့ သူတွေကို ပေးရတဲ့ ငွေကြေးကလည်း သိန်းတရာဝန်းကျင်အထိ စျေးပေါက်နေပါတယ်။
“ပိုက်ဆံထည့်ရတာကတော့ တဖြည်းဖြည်းပိုများလာဖို့ပဲ ရှိလိမ့်မယ်” လို့လည်း လေးမျက်နှာဒေသခံ လူငယ်က DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခုလို အဓမ္မစစ်သားစုဆောင်းခံရမှုတွေကြောင့် စစ်တပ်ထဲရောက်သွားတဲ့ ဧရာဝတီက လူငယ်အများစုဟာ မိသားစုနဲ့ အဆက်အသွယ်မရဘဲ တချို့ကလည်း တော်လှန်ရေးအင်အားစုတွေထံ ဆက်သွယ်အလင်းဝင်သွားတာတွေလည်း ရှိနေပါတယ်။