တော်လှန်ရေး အင်အားစုတွေဟာ အမတ ၃၄၄ ပင်မတပ်စခန်းကို ဝင်ရောက်မတိုက်မီ ကာကင်းစခန်းတွေကို အဆင့်ဆင့် စတင်ထိုးစစ်ဆင်ခဲ့တဲ့ မတ်လလောက်က စတင်ပြီး တပ်တွင်းမှာ စည်းလုံးမှု ပြိုကွဲနေတာကို တွေ့ရပါတယ်။
၁၃ ၊ ဇွန်လ ။
မြစ်ဝကျွန်းပေါ်ကို ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည် နယ်စပ်မှာ ရှိတဲ့ ငသိုင်းချောင်း-ဂွလမ်းပေါ်က မဟာဗျူကျတဲ့ အမြောက်တပ် ၃၄၄ကို ဝိုင်းထားနိုင်ပြီ ဖြစ်ပါတယ်။ ကာကင်းစခန်းကုန်းတွေ တခုပြီး တခုလက်လွှတ်ခဲ့ရပြီးတဲ့နောက် ဇွန်လ ၁၀ ရက်နေ့ အင်္ဂါနေ့က စပြီး အမတ ၃၄၄ ပင်မတပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီလို့ မိဿလင်ကျေးရွာအုပ်စုမှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။
“တနေကုန်ထုတယ်။မိုးချုပ်တော့ တပ်ကို ဝင်ပစ်တယ် ထင်တယ်။ လက်နက်ငယ်သံတွေပါ ကြားရတယ်။ ၈ နာရီ ၃၀ လောက်မှ ငြိမ်သွားတယ်”လို့ ပြောပါတယ်။ သူက အဲဒီ ဇွန်လ ၁၀ ရက်နေ့မှာ တိုက်ပွဲအခြေအနေတွေကြောင့် မြန်မာစံတော်ချိန် ည ၉ နာရီကျော်မှာ DNA က အဆက်အသွယ် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဇွန်လ ၁၀ရက်နေ့ညမှာပဲ စစ်တပ်က လေယာဉ်နဲ့ လာပြီးဗုံးကျဲခဲ့တယ်လို့လည်း အမတ ၃၄၄ နဲ့ ၁၀ မိုင်သာ ဝေးတဲ့ ငသိုင်းချောင်းမြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၃၅ ခန့်အရွယ် အမျိုးသားတဦး DNA ကိုပြောပါတယ်။
“ညက ၁၀ နာရီမှာ တကြိမ်၊ ၁၂ နာရီလောက်မှာ တကြိမ် ဂျက်လေယာဉ်နဲ့လာဗုံးကြဲသွားတယ်။ ဒုတိယကျတဲ့ဗုံးက အတော်ပြင်းတယ်။ငသိုင်းချောင်းမြို့ပေါ်က အိမ်တွေပါ တုန်တယ်”လို့ သူက ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာလည်း အမတ ၃၄၄ အနီးတဝိုက်နဲ့ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ် အစပ်က ပုသိမ်-မုံရွာလမ်းပေါ်မှာရှိတဲ့ စက်စက်ယိုရွာအနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အဲဒီလို တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ မနက်အစောပိုင်း မိုးမလင်းခင်မှာ အမတ ၃၄၄ က အမြောက် ၅ လက်ကို ကားနှစ်စီးပေါ်မှာ တာလပတ်တွေအုပ်ပြီး ကျုံပျော်မြို့ကို သယ်လာတာကို မြင်ရတယ်လို့ ငသိုင်းချောင်းနဲ့ ကျုံပျော်မြို့ပေါ်က DNA ရဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပေးခဲ့ပါတယ်။
🔷တပ်တွင်းစည်းလုံးမှုပြိုကွဲနေ
မေလ ၃၀ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့တွေက အမတ ၃၄၄ အနီး မိဿလင်ရွာအနီးမှာရှိတဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီးမှာ အမတ ၃၄၄ ပင်မတပ်စခန်းကို ရှော့တိုက်ဒုံး နှစ်လုံးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
အမတ ၃၄၄ ပင်မတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ မတိုင်မီ ဇွန်လ ၈ ရက်နေ့မှာ တပ်သား ၁၅ ယောက်နဲ့ တပ်ကြပ်ကြီးတဦး ဦးဆောင်တဲ့ ၁၆ ယောက်အဖွဲ့ဟာ နယ်မြေရှင်းလင်းရေး အတွက် မြောက်စမ်းရွာကနေ ရေနံသာလမ်းဆုံ စစ်ရေးဂိတ်ကို ရောက်မလာပဲ ထွက်ပြေးသွားကြပါတယ်။ အဲဒီလို ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီဟာ ငသိုင်းချောင်းမြို့ပေါ် မြို့ အဝင်အထွက် ဂိတ်တွေ စစ်ဆေးရေး တင်းကြပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်တိုင်းမှာ လိုက်ရှာခဲ့တယ် မြို့ခံတဦးက ပြောပါတယ်။
“တပ်ပြေးတွေက ရွာတွေထဲ စစ်ရှောင်တွေနဲ့ ရောဝင်ပြီး ပုန်းနေလားမသိဘူး။ အခုထိ အစအနကို မပေါ်သေးတာ ။ ဒါမှ မဟုတ် AA ဘက်ကို လက်နက် ချလိုက်သလားမသိဘူး”လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်ထဲမှာတင် အမတ ၃၄၄ က စစ်သားတွေ ထွက်ပြေးတာ တတိယအကြိမ်မြောက်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ငသိုင်းချောင်းမြို့ခံတဦးကလည်း မှတ်ချက်ပေးပါတယ်။
တော်လှန်ရေး အင်အားစုတွေဟာ အမတ ၃၄၄ ပင်မတပ်စခန်းကို ဝင်ရောက်မတိုက်မီ ကာကင်းစခန်းတွေကို အဆင့်ဆင့် စတင်ထိုးစစ်ဆင်ခဲ့တဲ့ မတ်လလောက်က စတင်ပြီး တပ်တွင်းမှာ စည်းလုံးမှု ပြိုကွဲနေတာကို တွေ့ရပါတယ်။ စစ်တပ်ထောက်ခံတဲ့ လော်ဘီသမားတွေကိုတိုင်း အမတ ၃၄၄ ၊ ကာကင်းစခန်းတိုက်ပွဲတွေမှာ ဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို ဆေးကုခွင့်မပေးပဲ ပင်မတပ်စခန်းထဲမှာ ခံစစ်ပြင်ဖို့ အမိန့်ပေးညွှန်ကြားခဲ့တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ဒုစစ်တိုင်းမှူးကို လူမှုကွန်ရက် စာမျက်နှာတွေကနေ ဝေဖန်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
🔷တဆင့်ပြီးတဆင့် ဆုတ်ခွာ ခံစစ်ပြင်
အမတ ၃၄၄ မှာ ဧရာဝတီနဲ့ ရခိုင်ပြည်နယ် နယ်စပ် နယ်ခြားကျောက်တိုင်က စပြီးကာကင်းစခန်းတွေ အဆင့်ဆင့် ပြင်ဆင်ထားတာပါ။ နယ်မြေကျွမ်းကျင်သူတွေ အဆိုအရ အမတ ၃၄၄ မှာ ကာကင်း စခန်းကြီး ၃ ခုရှိနေပြီး ၂၂ မိုင်ခန့်အကွာ ဧရာဝတီနဲ့ ရခိုင်ပြည်နယ် အစပ် နယ်ခြားကျောက်တိုင်နားက စပြင်ကျေးရွာ အနီးမှာ ကာကင်းစခန်းတခု ၊ ၁၇ မိုင်အကွာ လက်ပံပင်ကျေးရွာအနီးမှာ ကာကင်းစခန်းတခု ၊ ၇ မိုင်သာဝေးတဲ့ ကျောက်တိုင်ဗွေမှာ ကာကင်စခန်းတခုရှိတယ်လို့ သိရပါတယ်။
အဲဒီ ကာကင်းစခန်းတွေ တခုပြီးတခု လက်လွှတ်လိုက်ရပြီး မေလ ၂၆ ရက်နေ့ကတည်းက ငသိုင်းချောင်းမြို့ တဖက်ကမ်း ငဝန်မြစ်ကူးတံတားအဆင်း ဒေါင့်ကြီးကျေးရွာ ရွှေကျောင်း ပရိယတ္တိစာသင်တိုက် ဝန်းအတွင်းမှာ စစ်တပ်က အင်အား ၂၀ ခန့်နဲ့ ခံစစ် စပြင်ပါတယ်။
ငသိုင်းချောင်းဘက် တံတားအဆင်းနားမှာ ရှိတဲ့ ရဲစခန်းကိုလည်း လုံခြုံရေးအရ အားနည်းချက် ရှိတဲ့အတွက် မြို့တွင်းကို နေရာရွှေ့ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ “ရဲစခန်း အဆောက်အဦး အသစ်ကို အမြန်ဆောက်နေတာ။ အခုနေရာက ငါးသိုင်းချောင်း တံတား အောက်ဖက်မှာ ဆိုတော့ RPG နဲ့ ထုထု လက်ပစ်ဗုံးနဲ့ ပစ်ပစ် တကယ့် ပစ်ကွင်းထဲရောက်နေလို့တဲ့”ဆိုပြီး မြို့ခံတဦးက ငသိုင်းချောင်းရဲစခန်း ဘာကြောင့် ပြောင်းရွှေ့နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မြို့ပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းကို ပြောပြပါတယ်။
🔷ပုသိမ်-မုံရွာလမ်းကို မစိုးမိုးနိုင်
တော်လှန်ရေး တပ်ဖွဲ့တွေက ဧပြီလ ၁၇ ရက်နေ့မှာ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းကတည်းက စစ်ကောင်စီဟာ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ် စိုးမိုးနိုင်မှုကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ အင်္ဂပူမြို့နယ် နဲ့ လေးမျက်နှာမြို့နယ် အစပ်မှာ ရှိတဲ့ ပိန္နဲကွင်း ၊ ဘဲ့ပြားကုန်း ၊ ကျောက်စရစ်ကုန်း ၊ ပန်းတောကြီး ၊ ကျားကိုက်ကွင်း လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ် အစပ်မှာ ရှိတဲ့ စက်စက်ယိုစတဲ့ ကျေးရွာတွေ တလျှောက်မှာ မြေပြင်မှာ စစ်ကြောင်းမထိုးနိုင်ပဲ လေယာဉ်ပစ်ကူ၊ စက်တပ်လေထီးပစ်ကူတွေသာ အားပြုပြီး တိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။
မေလ နောက်ဆုံးပတ်လောက်က စတင်ပြီး စစ်ကောင်စီက ပုသိမ်-မုံရွာလမ်းပေါ်မှာ ရှိတဲ့ စက်စက်ယိုကျေးရွာကို ပြန်လည်ထိုးစစ်ဆင်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့မှာတော့ စက်စက်ယို ကျေးရွာကနေ ပုသိမ်-မုံရွာကားလမ်းအတိုင်း ဓမ္မပါလ နဂါးရစ်တောင်ကို နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးလာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး မအူပင်အခြေစိုက် ခလရ (၂၇) က တပ်ရင်းမှူးအပါအဝင် အခြားအဆင့် စစ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။
🔷ဘာကြောင့် စက်စက်ယို
အမတ ၃၄၄ ကို တိုက်နိုင်ဖို့နဲ့ ပုသိမ်-မုံရွာလမ်းကို စိုးမိုးနိုင်ဖို့မှာ စက်စက်ယိုရွာ ဝန်းကျင်ကို စစ်တပ်က အရလိုချင်နေတာပါ။ “အဲ့ရွာက ရေနံ့သာ ဂိတ်ကို ဖြတ်စရာမလိုဘဲပုသိမ်- မုံရွာလမ်းနဲ့ ငါးသိုင်းချောင်း-ဂွ လမ်းကိုမိနစ်ပိုင်းအတွင်း ဖြတ်ကူးသွားလာနိုင်တယ်”လို့ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတဦးက ရှင်းပြပါတယ်။ သီတာကုန်းပြင်ဧရိယာထဲမှာ ရှိတဲ့ ကျေးရွာတွေကိုလည်း စက်စက်ယိုရွာကတဆင့် အလွယ်တကူ သွားလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငသိုင်းချောင်းမြို့ပေါ်ကိုလည်း ရေနံသာဂိတ်ကို ဖြတ်စရာ မလိုပဲ ရွာတွင်းလမ်းတွေကနေသွားမယ်ဆိုရင် ၈ မိုင်ခရီးခန့်သာ ရှိနေတယ်လို့ သူကရှင်းပြပါတယ်။ အဲဒီလို ဆက်သွယ်ရေးလမ်းကြောင်းတွေကို အဖက်ဖက်က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ခံနေရတဲ့ အမတ ၃၄၄ ရဲ့ အခြေအနေဟာ လက်လွှတ်ရဖို့ နီးကပ်လာတဲ့အတွက် လက်နက်ကြီးတွေကို ရွှေ့ပြောင်းပြီး ကျုံပျော်မြို့မှာ ခံစစ်ပြင်ဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာ ဖြစ်ပါတယ်။
🔷ပထမဆုံး ခရိုင်မြို့ခံစစ်
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ဧရာဝတီမြစ်ဝကျွန်းပေါ်က ခရိုင်နဲ့မြို့နယ်တွေကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ မူလက ပုသိမ်ခရိုင်ထဲမှာ ပါဝင်ခဲ့တဲ့ ကျုံပျော်မြို့ဟာ စစ်ကောင်စီရဲ့ အသစ်ပြန်လည် ဖွဲ့လိုက်တဲ့ စာရင်းအရဆိုရင် ကျုံပျော်ကို ခရိုင်အဖြစ် သတ်မှတ်လိုက်တာပါ။
စစ်ကောင်စီရဲ့ ပြင်ဆင်လိုက်တဲ့ မူအရဆိုရင် ကျုံပျော်မြို့ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ ပထမဆုံး ခံစစ်ပြင်ရတဲ့ ခရိုင်မြို့ကြီး တခုဖြစ်လာနေပြီး အမတ ၃၄၄ နဲ့ မိုင် ၂၀ ကျော်သာ ကွာဝေးတော့တာ ဖြစ်ပါတယ်။ အကယ်လို့ အမတ ၃၄၄ ကိုသာ လက်လွှတ်လိုက်ရရင် ငသိုင်းချောင်း နဲ့ ရေကြည်မြို့တွေပါ စစ်ရေးအရ စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။
(မှတ်ချက် – DNA အနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောင်းလဲသတ်မှတ်မှုကို အသိအမှတ်မပြုပဲ သတင်းရေးသားရာမှာ မူလအတိုင်း ၆ ခရိုင်မူကိုသာ ကိုင်ဆွဲ ရေးသားပါတယ်)
#ဧရာဝတီတိုင်းဒေသကြီး #ကျုံပျော်မြို့ #စစ်ကောင်စီ #ခံစစ် #အမတ၃၄၄
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH