ငသိုင်းချောင်း အနီး ဓမ္ပပါလနဂါးရစ်တောင်မှာ စစ်တပ်ကြားဖြတ် တိုက်ခိုက်ခံရ

 

တပ်ရင်းမှူး တိုက်ပွဲကျတယ်လို့ သတင်းထွက်ပေါ်

နဂါးရစ်တောင်စေတီအနီးဝန်းကျင်ဟာ ငသိုင်းချောင်း မြောက်စမ်းရွာနားမှာ ရှိနေတဲ့ အမတ ၃၄၄ နဲ့ အဖြောင့်အတိုင်း ၄ မိုင်ကျော်သာ ကွာဝေးပြီး ဒီနေ့ ညနေ ၄ နာရီခန့်မှာ လက်နက်ကြီး ပစ်ကူ အချက်များစွာ ပေးနေခဲ့တယ်လို့ သိရပါတယ်။

၃၊ ဇွန်လ။

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့အထွက် ရေနံသာ လမ်းဆုံကနေ ၅ မိုင်ခန့်သာ ဝေးတဲ့ ဓမ္မပါလ နဂါးရစ်တောင်စေတီအနီးမှာ အာရက္ခတပ်တော်က စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ခလရ ၂၇ က တပ်ရင်းမှူး နဲ့ အခြားအဆင့် စစ်သား ၃ ယောက် ကျတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

“နဂါးရစ်က ပုသိမ်-မုံရွာ လမ်းဘေးတင်လေ။စက်စက်ယိုကနေ နဂါးရစ်ကို အသွားမှာ ခြုံခိုအတိုက်ခံရတယ် ကြားတယ်။ခလရ(၂ရ)က တပ်ရင်းမှူးနဲ့ သုံးကောင်သေတယ်ဆိုပြီး ပြောနေကြတယ်။ကျွန်တော်တို့ ဆီကတော့ သေနတ်သံတွေရော အမြှောက်သံတွေရော အုန်းတိုက်အောင် ကြားနေရတာ မြေတောင်တုန်တယ်”လို့ စက်စက်ယိုရွာ အနီးဝန်းကျင်မှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။

ဒီသတင်းကို ဒေသခံတွေ အသုံးပြုတဲ့ ဒေသတွင်း လူမှုကွန်ယက်ဂရုမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြပြီး ခလရ(၂၇)တပ်ရင်းမှူးနဲ့ အခြားအဆင့် စစ်သည် ၃ယောက် ကျတယ်။ အခုအချိန်အထိ အလောင်းပြန်မရသေးဘူး။ရွာသား ၃ယောက်ကိုလည်း အေအေအဖွဲ့က ဖမ်းခေါ်သွားတယ်လို့ ရေးသားထားတာ အပြန်အလှန် မှတ်ချက်ပေးနေတာ တွေ့ရပါတယ်။

နဂါးရစ်တောင်စေတီအနီးဝန်းကျင်ဟာ ငသိုင်းချောင်း မြောက်စမ်းရွာနားမှာ ရှိနေတဲ့ အမတ ၃၄၄ နဲ့ အဖြောင့်အတိုင်း ၄ မိုင်ကျော်သာ ကွာဝေးပြီး ဒီနေ့ ညနေ ၄ နာရီခန့်မှာ လက်နက်ကြီး ပစ်ကူ အချက်များစွာ ပေးနေခဲ့တယ်လို့ သိရပါတယ်။

“နဂါးရစ်မှာ တိုက်ပွဲဖြစ်တယ် အကျအဆုံးရှိတယ်လို့ ကြားတယ်။တမိနစ် တလုံးလောက်နဲ့ ၃၄၄ ကနေ တချိန်လုံး ပစ်နေတာ။ပစ်ကူပေးတာတော့ တော်တော်ကြမ်းတယ် မနားတမ်း ပစ်တာ”လို့ မိဿလင်ကျေးရွာ အုပ်စုအတွင်း နေထိုင်သူတဦးက DNA ကိုပြောပါတယ်။

လက်နက်ကြီး ပစ်ကူစတင် ပစ်တဲ့အချိန်မှာ လေယာဉ်တစင်းကလည်း နဂါးရစ်ဘက်ကို သွားတာ တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

“ကျောင်းဆင်းချိန် ဆိုတော့ သုံးနာရီခွဲ ဝန်းကျင်ပေါ့။ သိပ်ကြာဘူး ၃၄၄ က စပစ်တယ်။၃၄၄က ပစ်တာ နဂါးရစ်တောင်ဆိုတာတော့ ၁၀၀% နှုန်းပြည့် သေချာတယ်။ကျဉ်လမ်းကြောင်း အသံက ကျည်ကွဲတဲ့အထိ ကြားနေရတာလေ”လို့ သီတာကုန်းပြင်အနီး နေထိုင်သူက ပြောပါတယ်။

DNA က ဧရာဝတီတော်လှန်ရေး တပ်ဖွဲ့အတွင်းက စစ်ရေးသတင်းအရင်းအမြစ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်ခတ်မှုတော့ ရှိခဲ့တယ်ဆိုပြီး” အတည်ပြုပေးခဲ့ပေမယ့် စစ်တပ်ဘက်က တပ်ရင်းမှူး ကျတယ်ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။