တောင်ကိုရီးယားမှာ သမ္မတရာထူးအတွက် ရွေးကောက်ပွဲ စတင်

 

အခု တောင်ကိုရီးယား သမ္မတ ရွေးကောက်မှာ အဓိက ယှဉ်ပြိုင်နေသူတွေကတော့ ဒီမိုကရက်တစ်ပါတီက လီဂျေမြောင်နဲ့  ကွန်ဆာဗေးတစ် PPP က ကင်မ်မွန်ဆူးတို့ ဖြစ်ပါတယ်။

၃၊ ဇွန်

တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ နိုင်ငံရဲ့ သမ္မတသစ်ရွေးချယ်ရေးအတွက် မဲပေးဖို့ မဲရုံတွေကို ချီတက်နေပြီဖြစ်ပါတယ်။

ဦးဆောင်နေတဲ့ သမ္မတလောင်းနှစ်ဦးကတော့ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကို ပြန်လည်  ရှင်သန်လာအောင် ကြိုးပမ်းသွားမယ်လို့  မဲဆွယ်ထားကြပါတယ်။

ဒါ့အပြင် မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် လများစွာ ကသောင်းကနင်းဖြစ်မှုကို အတိတ်မှာ ထားခဲ့နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားကြပါတယ်။

အခု တောင်ကိုရီးယား သမ္မတ ရွေးကောက်မှာ အဓိက ယှဉ်ပြိုင်နေသူတွေကတော့ ဒီမိုကရက်တစ်ပါတီက လီဂျေမြောင်နဲ့  ကွန်ဆာဗေးတစ် PPP က ကင်မ်မွန်ဆူးတို့ ဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၃ ရက်၊ အင်္ဂါနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသလို မဲရုံတွေဟာ ဒေသစံတော်ချိန် မနက် ၆ နာရီမှာ ဖွင့်ပြီး ည ၈ နာရီမှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားက တောင်ကိုရီးယားနိုင်ငံသားတွေကိုတော့ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကြိုတင်မဲ ပေးနိုင်ဖို့ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဟောင်း ယွန်းဆွတ်ယိုး သမ္မတရာထူးက ဆင်းပေးရပြီးနောက် အခုလို ရွေးကောက်ပွဲထပ်လုပ်ရတာလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့တာကြောင့် တောင်ကိုရီးယား ပြည်သူတွေအတွက် အနှောက်အယှက်ဖြစ်စေခဲ့ပြီး နိုင်ငံရဲ့ အတိတ်က အာဏာရှင်အုပ်ချုပ်ရေးကို ပြန်လည် အမှတ်ရသလို ဖြစ်ခဲ့ရပါတယ်။

ရွေးကောက်ပွဲနိုင်မယ့် သမ္မတသစ်အနေနဲ့ လပေါင်းများစွာ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ စိန်ခေါ်မှုတွေအပြင် သမ္မတဟောင်း ယွန်းဆွတ်ယိုး ရာထူးက ဖယ်ရှားခံလိုက်ရတဲ့အတွက် နိုင်ငံအတွင်းက ပါတီတွေကြားမှာ အကွဲအပြဲဖြစ်ခဲ့တာတွေနဲ့ တိုင်းပြည်စီးပွါးရေးသောင်မတင် ရေမကျ ဖြစ်နေတာတွေကို ဦးစားပေးလုပ်ဆောင်ရဖို့ ရှိနေပါတယ်။

အခု ရွေးကောက်ပွဲရလဒ်ဟာ တောင်ကိုရီးယားနိုင်ငံအတွက် များစွာ သက်ရောက်မှုရှိနေပြီး နိုင်ငံခြားဆက်ဆံရေးမှာ ဂျပန်၊ အမေရိကန်နဲ့ ပိုမိုနီးကပ်ပြီး တခြားတစ်ဖက်မှာတော့ တရုတ်နဲ့ ဆက်ဆံရေး အေးခဲသွားတာလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသစ်တက်လာမယ့် သမ္မတအပေါ် မူတည်ပြီး နျူးကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် ချဉ်းကပ်မှုတွေဟာလည်း မူဝါဒအပြောင်းအလဲတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

နိုင်ငံတွင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အခုပုံစံအတိုင်းဆက်သွားပြီး ထူးခြားတဲ့ ဖြစ်ရပ်တွေ မရှိဘူးဆိုရင် ဒီမိုကရက်တစ်ပါတီက လီဂျေမြောင်အနေနဲ့ သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လီဂျေမြောင်ဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတဟောင်း ယွန်းဆွတ်ယိုးကို  မဲရလဒ်အနည်းငယ်အကွာနဲ့ ကပ်ရှုံးဖူးပြီး အခုနှစ် မဲရလဒ်တွေမှာတော့ အခြေအနေ ကောင်းနေပါတယ်။

Gallup Korea ရဲ့ စစ်တမ်းမှာ လီဂျေမြောင်က ၄၉ ရာခိုင်နှုန်း ရရှိနေပြီး ပြိုင်ဘက် ကင်မ်မွန်ဆူးကတော့ ၃၅ ရာခိုင်နှုန်း ပြည်သူတွေရဲ့ ကြိုက်နှစ်သက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ နောက်ထပ် သမ္မတလောင်းအဖြစ် အရွေးခံတဲ့ လီဂျန်ဆွခ်ကတော့ ၁၁ ရာခိုင်နှုန်း ရရှိထားတယ်လို့ ဆိုပါတယ်။

Ref – The Japan Times