ရုရှားနဲ့ ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရ

 

ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တစ်နာရီကျော်ကြာ ဆွေးနွေးပွဲအတွင်း အသက် ၂၅ နှစ်အောက် အပါအဝင် မကျန်းမာတဲ့ အကျဉ်းသားတွေနဲ့ ဒဏ်ရာကြီးကြီးမားမား ရရှိထားတဲ့ အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ဖို့ သဘောတူခဲ့ကြတာပါ။

၃၊ ဇွန်

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်တဲ့ ရုရှားနဲ့ ယူကရိန်း ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ပေမဲ့ အကျဉ်းသား အပြန်အလှန် လဲလှယ်ရေးအတွက်တော့ သဘောတူခဲ့ကြတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

ယူကရိန်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်တွေရဲ့ အသိပေးချက်အရ ယူကရိန်း၊ ဥရောပမိတ်ဖက်တွေနဲ့ အမေရိကန်တို့ရဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်ကို ရုရှားဘက်က ထပ်မံငြင်းဆန်ခဲ့ပြီး သဘောတူညီချက် အသစ်အဖြစ် စစ်မြေပြင်မှာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ ရုပ်အလောင်း ၁၂,၀၀၀ ပြန်လည်ပေးအပ်ရေးကိုတော့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။

ရုရှားဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ တချို့ရှေ့တန်းစစ်မျက်နှာပြင် နေရာတွေမှာ နှစ်ရက် သို့မဟုတ် သုံးရက် အပစ်အခတ်ရပ်နားဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တစ်နာရီကျော်ကြာ ဆွေးနွေးပွဲအတွင်း အသက် ၂၅ နှစ်အောက် အပါအဝင် မကျန်းမာတဲ့ အကျဉ်းသားတွေနဲ့ ဒဏ်ရာကြီးကြီးမားမား ရရှိထားတဲ့ အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ဖို့ သဘောတူခဲ့ကြတာပါ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး လက်ရှိအထိ ပြင်းထန်လှတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ နှစ်နိုင်ငံအကြား ကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ မော်စကိုအနေနဲ့ ၂၀၁၄ ခုနှစ်ကတည်းက သိမ်းပိုက် ရရှိထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် ယူကရိန်းပိုင်နက်  ၂၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြီးနောက် သတင်းရှင်းလင်းပွဲတစ်ခုမှာ ယူကရိန်းအဖွဲ့ရဲ့ ဦးဆောင်သူ ကာကွယ်ရေးဝန်ကြီး Rustem Umerov က သေဆုံးမှုတွေ ချက်ချင်းရပ်တန့်ဖို့အတွက် မြေပြင်၊ ပင်လယ်နဲ့ ဝေဟင်မှာ အနည်းဆုံး ရက် ၃၀ အထိ ခြွင်းချက်မရှိ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတာ ဖြစ်ပါတယ်။

ယူကရိန်းဟာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ရုရှားထံ ပေးပို့ထားပြီးဖြစ်ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတော့ ဒီအဆိုပြုချက်တွေကို တင်ပြဆွေးနွေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ရုရှားဘက်ကတော့ ဆွေးနွေးပွဲအပြီး အစိုးရပိုင် မီဒီယာတွေကနေ တဆင့် သူတို့ရဲ့  အဓိက ရပ်တည်ချက်တွေကို ထုတ်ပြန်အသိပေးခဲ့ပြီး အဲဒီထဲမှာ အရင်က တောင်းဆိုထားတဲ့အတိုင်း ယူကရိန်းက တစိတ်တပိုင်း သိမ်းပိုက်ထားတဲ့ အရှေ့တောင်ဘက်ခြမ်းက နယ်မြေလေးခုမှာရှိတဲ့  ယူကရိန်းစစ်တပ်ကို ဆုတ်ခွာပေးဖို့ ပါဝင်ပြီး စစ်သားတွေကို စစ်တပ်ကနေ ခြွင်းချက်မရှိ အနားပေးဖို့ တောင်းဆိုချက်တွေ ပါဝင်ခဲ့ပါတယ်။

ရုရှားဟာ  Donetsk၊ Luhansk၊ Kherson၊  Zaporizhzhia ဒေသနဲ့ ခရိုင်းမီးယားတို့ကို သူတို့အပိုင်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြု မှတ်ယူဖို့ တောင်းဆိုထားပါတယ်။

ယူကရိန်းဘက်ကတော့ သူတို့ရဲ့ အဆိုပြုချက်တွေအတွက် ဇွန်လကုန်အထိ ရုရှားဘက်က တုံ့ပြန်မှုကို စောင့်မျှော်နေတဲ့အပြင် သမ္မတနှစ်ဦးအကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ ပပြုလုပ်ဖို့ ပြင်ဆင်တာတွေအတွက်လည်း အထူးအလေးပေး ပြောကြားခဲ့ပါတယ်။

Ref – BBC