သည်နှစ်မြန်မာပြည်ကိုမေလထဲ မုတ်သုံလေ စောစောစီးစီးဝင်ခဲ့လို့ မိုးဦးကောင်းတယ် ဆိုရပါ့မယ်။မိုးလေဝသ ပညာရှင်တွေက မုတ်သုံ‌‌အား ကောင်းဖို့ မုန်တိုင်းလိုသတဲ့။သည်နှစ် မုတ်သုံအားပေးတဲ့မုန်တိုင်းကလည်း ကံကောင်းစွာနဲ့ မြန်မာ့ကမ်းရိုးတန်းဆီ မဝင်ဘဲ အိန္ဒိယကုန်းမြေပေါ် ဖြတ်သန်း သွားပါတယ်။ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်ပြင်မှာတော့ မုတ်သုံလေအား အလွန်ကောင်းနေပါတယ်။

၁၊ဇွန်လ။

မိုးဦးစောခဲ့လို့ ပူလောင်တဲ့ နွေကို ကြာရှည်မဖြတ် သန်းခဲ့ရပေမဲ့ မိုးဦးကောင်းခဲ့လို့ စိတ်မကောင်းစရာ အဖြစ်အပျက် တချို့လည်း  ကြုံတွေ့ရပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ၂၄ရက် နေ့က ဧရာဝတီ မြစ်ကမ်းပါးပြိုကျလို့ ညောင်တုန်းမြို့မှာ အိမ်ခြေ ၆၀ ပျက်စီးဆုံးရှုံး ခဲ့ရပြီး လူပေါင်း၂၅၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မိုးကောင်းလာတာနဲ့ အမျှ မြစ်ရေမြင့်တက်လာပြီး ရေစီးသန်လာရင် ကမ်းပြိုတတ်ပါတယ်။ရေစီးကြောင်းက ပုံမှန်မဟုတ်တဲ့ အတွက် မြစ်ကမ်းပါးအနီး  နေထိုင်သူတွေ အန္တရာယ် ကြီးပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း တို့မှာ မိုးသည်းထန်ရင်လည်း ဧရာဝတီမြစ်ရေဟာ အောက်ဘက်အရပ်ကို ဒလဟော စီးဆင်း တတ်ပါတယ်။

သည်အကြောင်းကို ကဗျာဆရာနေသိုက်က ၂၀၀၃ခုနှစ် နွယ်နီမဂ္ဂဇင်းမှာ ဧရာဝတီနှင့် စီးချင်းထိုးခြင်း ဆိုပြီး ကဗျာတပုဒ် ရေးဖွဲ့ခဲ့ပါတယ်။

“အဲဒီ့ဧရာဝတီမြစ်ကြီးပေါ့
သူ့လက်သည်းရှည်တွေနဲ့ကုတ်ခြစ်
တရစ်ချင်းဖြိုခွင်း
မြို့တွင်းကိုရောက်လုပြီ။

တဖက်ကလည်း
သူ့လိုပဲတားမြစ်
တရစ်ချင်းခုခံ
ပုံသဏ္ဍာန်အမျိုးမျိုး
နည်းစနစ်အမျိုးမျိုး
တန်ဖိုးငွေအထပ်ထပ်
ကမ်းစပ်မှာ ဝိုင်းပတ်ထားရဲ့။”

မြစ်ဝကျွန်းပေါ်ဒေသဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ၃  မီတာလောက်သာ မြင့်တဲ့အတွက်
ဧရာဝတီမြစ် ကမ်းစပ်က မြို့ကြီးတွေဟာ မြစ်ရေ အလွှမ်းမခံရအောင် ရေကာတာတွေ ဝိုင်းပတ်
ကာရံထားရပါတယ်။

“တောင်ဆီကမိုးတွေညို့လို့
ခပ်ရို့ရို့နေတတ်တဲ့ဧရာဝတီ
မိုးသီချင်းကိုသီကျူး
အမူးသမားလိုလှည့်ရစ်
လက်သည်းရှည်ကြီးတွေနဲ့
ကုတ်ခြစ်တော့မယ်ဆိုရင်
ရင်တထိတ်ထိတ်နဲ့
စိတ်မောနေရတဲ့မြို့။

ဧရာဝတီရဲ့ကျေးဇူး
အထူးပဲရှိနေဆဲပါ
မမြဲတဲ့သဘောတရား
ကမ်းပါးကိုတိုက်စားလာတော့
ဇာတ်လိုက်လိုအသားပေးပြီး
အရေးကြီးတဲ့ထွက်ကုန်သီးနှံ
ဆန်စပါး သားငါး
သဘာဝဓာတ်ငွေ့
ပွေ့ပိုက်ထားတဲ့မြို့
ခုတော့ မျက်ရည်စို့ရတော့မလို။”

ဧရာဝတီသာ မကပါဘူး မြစ်တွေဟာ လူတွေရဲ့ ကျေးဇူးရှင်ပါ။လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းရေးသာမက  ငါးနဲ့ကိုင်းသီးနှံများ ထွက်ရှိရာဖြစ်ပါတယ်။ဒါပေမဲ့ မြစ်ရေကြီးလာချိန် ကမ်းပါးကို တိုက်စားလာချိန်မှာတော့ မြို့တွေ ရွာတွေနဲ့ စပါးသီးနှံတွေကို ဖြိုဖျက်ပစ်ဖို့ အန္တရာယ်ပြုလာတတ်ပါတယ်။

“မြစ်အတွင်းမှာ
စစ်မခင်းခင်
သူ့အလျင်ကိုယ်ဦး
မြို့ဦးထိပ်မှအစ
ပိုက်စိပ်တိုက်ခံစစ်
တဆစ်ချင်းတည်ဆောက်
မြို့လေးရဲ့ဦးနှောက်ပေါက်မသွားရေး။

မဝေးတော့တဲ့ကာလမှာ
ပြိုင်ပွဲကြီးစပါတော့မယ်
အို  ချစ်သောဧရာဝတီ
သင်ကပဲဝါးနိုင်မလား
မြို့လေးကပဲတားနိုင်မလား
အပိုင်နွဲကြသေးတာပေါ့။”

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်တွေရဲ့ စိုးရိမ်ရေမှတ် ကျော်လွန်လာပြီဆိုရင် အန္တရာယ် ခေါင်းလောင်းသံ ထိုးပါပြီ။ ရေကာတာတွေကို လိုက်လံကြည့်ရှုပြီး ဘယ်နေရာမှာ တာအိနေသလဲ၊ဘယ်နေရာမှာ တာအက်နေသလဲ စစ်ဆေးကာ သဲအိတ်ဖို့တန်ဖို့ ရေကာတန်းရိုက်လိုရိုက် လုပ်ဆောင်ရပါတယ်။

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့က အိပ်ပျက်တာ ကျိုးပြီး မြို့ပေါင်း
၃ မြို့လောက် ရေလွှမ်းသွားပါတယ်။ ၁၉၈၅ ခုနှစ်ဝန်းကျင်မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်
ပဲခူးတိုင်း သာယာဝတီခရိုင် မိုးညိုမြို့ တမြို့လုံး မြစ်ထဲမျောပါသွားပြီး မြို့အသစ်တည် ရပါတယ် ။

၁၉၉၀ ခုနှစ်မှာ ငဝန်မြစ်ကမ်းပြိုမှုကြောင့် လေးမျက်နှာမြို့ကို မြို့နေရာသစ် ပြောင်းရွေ့ ခဲ့ရပါတယ်။
၁၉၉၃ ခုနှစ်မှာလည်း ငဝန်မြစ်ရေကြီးမှုကြောင့် ဟင်္သာတနဲ့ လေးမျက်နှာအစပ်က ထိန်ငူတာကျိုး
ပေါက်ပြီး ကျုံပျော်၊ရေကြည်၊ငါးသိုင်းချောင်း ၊ ကျောင်းကုန်းအထိ ရေလွှမ်းခဲ့ရပါတယ်။

ကောက်ပဲသီးနှံ စိုက်ခင်းတွေနဲ့ လူနေအိမ်ခြေများစွာပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်လို့ ခုလိုမိုးရာသီ
မှာ မြစ်အတွင်း စစ်ခင်းမှုကို မပေါ့ဆကြပါနဲ့လို့ သတိပေးလိုက်ရပါတယ်။