“ ပိတ်မိတာလား တပ်တော်နဲ့တွေ့လို့ စိတ်မချရသေးလို့ ပြန်မလွှတ်တာလား မသိ။စစ်တပ်နဲ့တွေ့ရင်တော့ အသတ်ခံရမှာ”လို့ လှည်းထောက်ကွင်း ဒေသခံက ပြောပါတယ်။
၃၁၊မေလ။
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေခဲ့တာ ၂ ရက်ကြာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
“အသံကြီးရော အသံသေးရော အုန်းတိုက်နေတော့တယ်”လို့ စက်စက်ယိုရွာ အနီးဝန်းကျင်မှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။ ပုသိမ်-မုံရွာ ကားလမ်းမကြီး ဘေးကကျေးရွာတွေဖြစ်တဲ့ ပန်းတောကြီး ၊ ကျားကိုက်ကွင်း ၊ စောပြာ၊ စက်စက်ယိုကျေးရွာတွေမှာ ထိတွေတိုက်ပွဲတွေ ရက်အတန်ကြာ ငြိမ်သက်ခဲ့ရာကနေ မနေ့က မေလ ၃၀က စပြီး စက်စက်ယို ကျေးရွာမှာ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပေါ်နေတာပါ။
“စက်စက်ယိုရှေ့က ဘုရားနားမှာ ဖြစ်ကြတာ။ တောင်ပေါ်နဲ့တောင်အောက် ပစ်နေကြတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း စစ်တပ်က ပြန်လည်ဆုတ်ခွာသွားပြီးချိန်မှာ စက်စက်ယိုကျေးရွာထဲကို ဒေသခံအချို့ ပြန်လည်နေထိုင်တာရှိပြီး အခု အကြိမ်ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်လာတဲ့အခါမှာ ဘေးလွတ်ရာကို ရှောင်ကြရတယ်လို့ ဆိုပါတယ်။
ဒီနေ့ ညနေ ၅ ခန့်အထိ ပစ်ခတ်သံတွေ ကြားနေရစဲ ဖြစ်ပြီး အထိအခိုက် ပျက်စီးမှုစာရင်းတွေတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ဒါပေမယ့် စက်စက်ယိုကျေးရွာအနီး လှည်းထောက်ကွင်းကျေးရွာက အမျိုးသမီး ၄ ဦး တောထဲ အင်ဥရှာသွားရာကနေ အိမ်ပြန်ရောက်မလာသေးတာ ၂ ရက်ရှိပြီလို့ သိရပါတယ်။
“ရွာက မိန်းမလေးယောက် မနေ့က မနက်ကတည်းက တောင်ပေါ် အသီးအရွက် သွားရှာတာ ခုထိ ပြန်မရောက်လာသေးဘူး”လို့ လှည်းထောက်ကွင်း ဒေသခံတဦးက ပြောပါတယ်။ မိုးဦးကျ အင်ဥပေါ်တဲ့ ရာသီဖြစ်တဲ့အတွက် တောင်ပေါ်မှာ အင်ဥတူးဖို့ လူစုပြီး သွားကြရာကနေ ပြန်မရောက်လာ ကြသေးတာလို့ ဆိုပါတယ်။သူတို့တွေက မနက်ပိုင်း သွားကြတာ ဖြစ်ပြီး ပစ်ခတ်မှုတွေက နေ့လည်ပိုင်းမှ စဖြစ်တဲ့အတွက် ပြန်မလာနိုင်ပဲ တိုက်ပွဲကြားမှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
“ ပိတ်မိတာလား တပ်တော်နဲ့တွေ့လို့ စိတ်မချရသေးလို့ ပြန်မလွှတ်တာလား မသိ။စစ်တပ်နဲ့တွေ့ရင်တော့ အသတ်ခံရမှာ”လို့ လှည်းထောက်ကွင်း ဒေသခံက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ရေကြည်မြို့နယ်အတွင်းမှာ ရှိနေတဲ့ အမတ ၃၄၄ အနီး မိဿလင်ကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တပြိုင်နက် လေးမျက်နှာမြို့နယ်အတွင်းမှာပါ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။