စူပါအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အကြား အားပြိုင်မှုဟာ လက်ရှိကမ္ဘာမှာရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအန္တရာယ်ဖြစ်နေပြီး ပြင်သစ်နဲ့ အင်ဒို – ပစိဖိတ် မဟာမိတ်တွေအကြား ပေါင်းစည်းမှုအသစ် တည်ဆောက်ထားဖို့လိုပြီလို့ ပြင်သစ်သမ္မတ မက်ခရွန်းက မေလ ၃၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
၃၁၊ မေ
အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကြောင့် မရေမရာဖြစ်နေတဲ့ အခြေအနေကို ဟန်ချက်ညီအောင်ထိန်းဖို့ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့ဟာ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းနေချိန် ပြင်သစ်သမ္မတ မက်ခရွန်း အာရှကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
“ရှင်းရှင်းပြောရရင် ပြင်သစ်နဲ့ အမေရိကန်ဟာ မိတ်ဆွေတွေ ဖြစ်သလို မဟာမိတ်နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်ကလည်း ပြင်သစ်ရဲ့ မိတ်ဆွေဖြစ်ပြီး တစ်ခါတရံမှာ သဘောထားမတိုက်ဆိုင်တာတွေ၊ ပြိုင်ဆိုင်တာတွေ ရှိပေမဲ့ တရုတ်နဲ့လည်း ပူးပေါင်းဆောင်ရွက်တယ်”လို့ ပြင်သစ် သမ္မတ မက်ခရွန်းက စင်ကာပူနိုင်ငံကို နှစ်ရက်ကြာ ခရီးစဉ် ရောက်လာချိန် Shangri-La Dialogue အာရှထိပ်တန်းလုံခြုံရေးဖိုရမ်မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့လည်း အရှေ့တောင်အာရှ ဒါမှမဟုတ် အာရှမှာ NATO ရဲ့ အခန်းကဏ္ဍကျယ်ပြန့်လာတာကို မလိုလားဘူးဆိုရင် ယူကရိန်း – ရုရှား စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုကို တားဆီးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
တဆက်တည်းမှာ စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသကို လျစ်လျူရှုပြီး အစ္စရေးကို စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးထားတာကလည်း ကမ္ဘာ့နိုင်ငံတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးစေတယ်လို့လည်း ဆိုပါတယ်။
မကြာသေးခင် သီတင်းပတ်တွေမှာ တရုတ် ၊ ဂျပန်နဲ့ တခြားဥရောပနိုင်ငံက ခေါင်းဆောင်တွေဟာလည်း အရှေ့တောင်အာရှကို လာရောက်ခဲ့ကြသလို ပြင်သစ်သမ္မတရဲ့ အခု ခရီးစဉ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ မရေရာမှုတွေကြားမှာ အရှေ့တောင်အာရှဟာ မဟာဗျူဟာမြောက် အရေးပါလာတယ်ဆိုတဲ့ လက္ခဏာတခုပါပဲ။
Ref – CNA