ငသိုင်းချောင်း အမတ ၃၄၄ ရှော့တိုက်ဒုံး ဖြင့်တိုက်ခိုက်ခံရ

 

“မကြာခင်မှာ စကစ ဘက်က ၃၄၄ ကို လက်လွှတ်ရနိုင်တယ်။ ပတ်ဝန်းကျင်မှာ တောင်ကျချောင်းနဲ့ ရှိုမြှောင်တွေက ပတ်လည် ဝိုင်းနေတော့ ၊ AA  ဘက်ကလည်း ချည်းကပ်ဖို့ ခက်ခဲတဲ့ အနေအထား ရှိမယ်လို့ ယူဆတယ်”လို့ ငသိုင်းချောင်းဒေသခံက ပြောပါတယ်။

၃၀၊မေလ။

ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ အနီးမှာရှိတဲ့ အမတ ၃၄၄ ကို မနေ့ကရော ဒီနေ့ပါ နှစ်ရက် ဆက်တိုက် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့က နေ့လည် ၂ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

“မနေ့က ၃၄၄ ကို ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတယ်။ထိခိုက်မှု ရှိတယ်ပြောတယ်။ တိတိကျကျတော့ မသိရသေးဘူး။ နှစ်လုံးပစ်တာ တလုံးလွဲပြီး တလုံးမှန်တယ်”လို့ မိဿလင်ကျေးရွာအုပ်စုအတွင်း နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး ငသိုင်းချောင်းမြို့ပေါ်က အမတ ၃၄၄ နဲ့ နီးစပ်သူတဦးကို ဆက်သွယ် အတည်ပြုရာမှာလည်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတယ်ဆိုတာကို အတည်ပြုပေးပါတယ်။ ဒါပေမယ့် တိုက်ခိုက် ပစ်လွှတ်တဲ့ ရှော့တိုက်ဒုံး အလုံးရေ ပမာဏတော့ ကွဲလွဲမှု ရှိနေပါတယ်။

“ လေးလုံးပစ်သွားတာ ၂ လုံးက အမြှောက်စင်နားကို ထိတယ်။ဒီနေ့လည်း ပစ်တာ သုံးလုံးလောက် ရှိပြီ။ကာကင်းတွေလည်း ဆုတ်ပေးထားရပုံရတယ်”လို့ ညနေ ၄ နာရီခန့်က ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အမတ ၃၄၄ အနီး မိဿလင်ကျေးရွာ အပြင်ဘက် တောင်ကုန်းပေါ်မှာ ရှိတဲ့ ကာကင်းစခန်းကို ပြီးခဲ့တဲ့ ၃ ရက်အကြာ မေလ ၂၇ ရက်နေ့ညက ဝင်ရောက်တိုက်ခိုက်မှု့အပြီး ပင်မတပ်ကို အခုလို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းထဲကို ၂၀၂၅ နှစ်ဆန်းပိုင်းက စတင်ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီနဲ့ ဖေဖေါ်ဝါလပိုင်းတွေ အတွင်း ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် တွေဘက်ကို စစ်ဦးတည်ခဲ့ပြီး အဲဒီကတည်းက အမတ ၃၄၄ ရဲ့ ကာကင်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မတ်လ နဲ့ ဧပြီလထဲမှာ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ဘက်ကို စစ်ဦးလှည့်ပြီး ပုသိမ်-မုံရွာ ကားလမ်းမကြီးကို ဖြတ်တောက် နိုင်ခဲ့ပြီး မေလဆန်းမှာ အမတ ၃၄၄ ဘက်ကို စစ်ဦးပြန်လှည့်ခဲ့တာကို တွေ့ရပါတယ်။

“မကြာခင်မှာ စကစ ဘက်က ၃၄၄ ကို လက်လွှတ်ရနိုင်တယ်။ ပတ်ဝန်းကျင်မှာ တောင်ကျချောင်းနဲ့ ရှိုမြှောင်တွေကို ပတ်လည် ဝိုင်းနေတော့ ၊ AA  ဘက်ကလည်း ချည်းကပ်ဖို့ ခက်ခဲတဲ့ အနေအထား ရှိမယ်လို့ ယူဆတယ်”လို့ ငသိုင်းချောင်းဒေသခံက ပြောပါတယ်။

စကစ ဘက်ကလည်း အမတ ၃၄၄ ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်နေတဲ့ အခြေအနေကို ကြိုတင်ပြင်ဆင်ပြီး ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပြီး ငသိုင်းချောင်းမြို့ မြစ်ကူးတံတားအဆင်း ဒေါင့်ကြီးကျေးရွာမှာ စစ်သား အင်အား ၂၀ ခန့် မေလ ၂၃ ရက်နေ့က စတင်ပြီး တပ်စွဲထားပါတယ်။  ဒါ့အပြင် လက်နက်ကြီးတချို့ကို ကွင်းကောက် တကက ၅ နဲ့ ဟသတ ခလရ ၁၈ ကို ပြောင်းရွှေ့ထားတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်တွေဘက်မှာ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေပြီး တကက ၅ ရှိရာ ကွင်းကောက်မြို့နဲ့ ၇ မိုင်ခန့် အကွာရှိတဲ့ ကျေးရွာတွေကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်စဲ ရှိနေပါတယ်။