ဧရာဝတီမြစ်ကမ်းပြိုကျမှုကြောင့် အိမ်ခြေ ၃၉ လုံး ထပ်မံ ပြောင်းရွှေ့ရပြီး ပြန်လည်ထူထောင်ရေး အခက်တွေ့

လူပေါင်း ၂၈၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒီကမ်းပါးပြိုကျမှုအတွက် နယ်မြေခံ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက လတ်တလော စားဝတ်နေရေးကို ကူညီပေးနေကြပေမယ့် ပြန်လည်ထူထောင်ရေး အတွက်ကတော့ ခုချိန်ထိ မရေရာတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

၃၀၊မေလ

ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့အနီးမှာ မေလ ၂၄ ရက်နေ့ညက ဧရာဝတီမြစ် ကမ်းပါးပြိုပြီး နေအိမ် ၆၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒီ မြစ်ကမ်းပါးပြိုကျမှုမှာ လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် အိမ်ပြန်ဆောက်စရာ မြေနေရာကစပြီး ဘဝပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။

“ ကျွန်တော်တို့စိုးရိမ်ချက်ကတော့ အိမ်ပြန်မဆောက်နိုင်မှာပဲ။ အိမ်ပြန်ဆောက်ဖို့က မြေနေရာလိုတယ် အဲ့ဒါကို ဘယ်သူပေးမှာလဲ ကိုယ့်ဘာသာဝယ်ရမှာလား၊ ပြန်လည်ထူထောင်ရေးလုပ်ပေးမှာလားဆိုတာ မသိဘူး။ မြေရရင်တော့ ဒီလိုပဲ ဟိုဆွဲ ဒီဆွဲနဲ့ တဲလေးဖြစ်ဖြစ် ထိုးနေလိုက်ပြီး ပြန်စရမှာပေါ့ ” လို့ နေအိမ်ဆုံးရှုံးခဲ့သူ တဦးက DNA ကိုပြောပါတယ်။

ဧရာဝတီမြစ်ရေ တိုက်စားမှု့ကြောင့် ကမ်းပါးပြိုကျမှုထဲကို အိမ်ခြေ ၁၈ လုံးရေထဲမျောပါခဲ့ပြီး ၊ ကမ်းပြိုကျမယ့် အန္တာရယ်ကြောင့် ဖြိုချလိုက်ရတဲ့ အိမ်ပေါင်း ၃၉ လုံးအထိ ရှိလာနေပြီ ဖြစ်ပြီး စုစုပေါင်း အိမ်ခြေပျက်စီးမှုမှာ ၅၇ လုံးအထိ ရှိလာပြီ ဖြစ်ပါတယ်။

လတ်တလောကာလမှာတော့ အနီးအနားပတ်ဝန်းကျင်အပါအဝင် လူမှုကူညီရေး အသင်းတွေကတဆင့် ကူညီလှူဒါန်းမှုတွေ ရရှိနေတာကြောင့် အစားအသောက် ၊ ရိက္ခာနဲ့ အဝတ်အစားတွေအတွက် မပူပင်ရပေမယ့် ရေရှည်မှာ နေထိုင်ဖို့နဲ့ စားဝတ်နေရေးကို ဒီတိုင်းဆက်သွားလို့မရတာကြောင့် ပူပန်နေရတယ်လို့ သူက ပြောပါတယ်။

လူပေါင်း ၂၈၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒီကမ်းပါးပြိုကျမှုအတွက် နယ်မြေခံ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက လတ်တလော စားဝတ်နေရေးကို ကူညီပေးနေကြပေမယ့် ပြန်လည်ထူထောင်ရေး အတွက်ကတော့ ခုချိန်ထိ မရေရာတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

လက်ရှိ အခြေအနမှာ စစ်ကောင်စီဘက် ဘယ်လို အကူအညီတွေ ပေးနေပါသလဲလို့ မေးမြန်းကြည့်ရာ

“ သိပ်မပြောချင်ဘူးဗျာ။ တခုခုပြောမယ်ဆို အရင်ကဆိုရင်လို့ ပြောနေရတာကို မပြောချင်တော့ဘူး။ တကယ်ဆို ကမ်းပြိုတာ ၅ ရက်ရှိပြီ တခုခုတော့ လုပ်ပေးသင့်ပြီပေါ့ ” လို့ လူမှုကူညီရေး အဖွဲ့တခုက အမည်မဖော်လိုသူက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဖျာပုံ၊ ဘိုကလေးနဲ့ လပွတ္တာ စတဲ့နေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ကမ်းနဲ့နီးတဲ့နေရာတွေက မခိုင်ခန့်တဲ့ အိမ်တွေရေနဲ့မျောပါတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ယခုနှစ်ရဲ့ မိုးလေဝသဖြစ်စဉ်တွေအရ မိုးများနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြသလို ကမ်းပြိုမှုနဲ့ ရုတ်တရက်ရေကြီးမှုတွေကို သတိထားကြဖို့ တိုက်တွန်းထားကြပေမယ့် အိမ်အလုံးလိုက်ရွေ့ပြောင်းဖို့ မတတ်နိုင်သူတွေကတော့ ဒီအခြေအနေကို ရင်ဆိုင်နေရတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းဟာ မြစ်ချောင်းတွေ ပေါများတဲ့ဒေသဖြစ်သလို ပင်လယ်နဲ့လည်း နီးတာကြောင့် ရေဘေးအန္တရာယ်ကို အမြဲတမ်းသတိထားရတဲ့ ဒေသဖြစ်ပေမယ့် ဒေသအများစုမှာတော့ ကမ်းထိန်း နံရံတွေမရှိတာ၊ ပျက်ဆီးယိုယွင်းမှုတွေများလာတာ၊ ပြင်ဆင်ထိန်းသိမ်းမှု မရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဧရာဝတီတိုင်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြစ်ကမ်းပါးပြိုကျမှု အများဆုံးဖြစ်တယ်လို့ ၂၀၁၈ ခုနှစ်တုန်းက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖူးပါတယ်။ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှု ၅၄၀ ကျော်မှာ ၂၆၀ ကျော်ဟာ ဧရာဝတီတိုင်းထဲမှာ ဖြစ်ပေါ်ခဲ့တာပါ။

မြစ်ကမ်းပါးပြိုမှု အဖြစ်များဆုံးဟာ ငသိုင်းချောင်း၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ရေကြည်၊ လေးမျက်နှာ စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။