နယ်စပ်ပစ်ခတ်မှုကိစ္စ ငြိမ်းချမ်းစွာ အဖြေရှာဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ် သဘောတူ

လက်ရှိမှာ နှစ်ဖက်စလုံး တိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ ပြန်လည် ဆုတ်ခွာဖို့ သဘောတူညီခဲ့ကြပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် လာမယ့် သီတင်းပတ်အတွင်း နယ်စပ်ရေးရာ အထူးပူးတွဲကော်မတီတွေကတဆင့် အဖြေရှာသွားမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

၃၀၊ မေ

ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ဦးစီးချုပ်တို့ဟာ  အငြင်းပွားဖွယ် နှစ်နိုင်ငံနယ်စပ်ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ နဲ့ တပ်တွေ ပြန်ရုတ်သိမ်းဖို့ မေလ ၂၉ရက်နေ့က သဘောတူညီလိုက်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၂၈ရက်နေ့က ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေ နယ်စပ်တစ်လျှောက် ပုံမှန်ကင်းလှည့်နေချိန် ထိုင်းဘက်ကနေ စတင်ပစ်ခတ်ခဲ့တယ်လို့ ကမ္ဘောဒီးယားက ပြောခဲ့ပြီး ထိုင်းစစ်တပ်ကလည်း အငြင်းပွားဖွယ် နှစ်နိုင်ငံနယ်စပ်ဧရိယာထဲကို ကမ္ဘောဒီးယားစစ်သားတွေ ဝင်ရောက်လာခဲ့တာကြောင့် ထိုင်းစစ်သားတွေက ညှိနှိုင်းဖို့ ချဉ်းကပ်ချိန်မှာ ကမ္ဘောဒီးယားဘက်က ပစ်ခတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ ကမ္ဘောဒီးယား စစ်သားတဦး သေဆုံးခဲ့ပါတယ်။

၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သက်ဆိုင်ရာ စစ်ဘက်အရာရှိတွေ ညှိနှိုင်းပြီးနောက် အပစ်ရပ်ဖို့ ညွှန်ကြားခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Claewplodtook ကတော့ ကမ္ဘောဒီးယားစစ်တပ် ဗိုလ်ချုပ်ကြီး Mao Sophan နဲ့ တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးသွားတဲ့အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Winthai Suvaree က ပြောပါတယ်။

လက်ရှိမှာ နှစ်ဖက်စလုံး တိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ ပြန်လည် ဆုတ်ခွာဖို့ သဘောတူညီခဲ့ကြပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် လာမယ့် သီတင်းပတ်အတွင်း နယ်စပ်ရေးရာ အထူးပူးတွဲကော်မတီတွေကတဆင့် အဖြေရှာသွားမယ်လို့လည်း မှတိချက်ပြုခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကတော့ လက်ရှိမှာ နှစ်နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ နောက်ထပ် ပစ်ခတ်မှုတွေ တားဆီးသွားမှာဖြစ်ပြီး ပုံမှန်အခြေအနေဖြစ်အောင် လုပ်ဆောင်သွားလိုကြောင်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကတဆင့် ဖော်ပြခဲ့ပါတယ်။

အိမ်နီးချင်း ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်မြေအငြင်းပွားမှုပြဿနာတွေ  သမိုင်းကြောင်း ရှည်လျားတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

အထင်ရှားဆုံးဖြစ်ရပ်တခုကတော့  Preah Vihear ဒေသက နှစ်ပေါင်း ၁,၀၀၀  သက်တမ်းရှိတဲ့  ဘုရားကျောင်းကို ယူနက်စက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းခဲ့ပြီး မကြာခင် ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က အဲဒီ ဒေသကို ကမ္ဘောဒီးယားပိုင်အဖြစ် ၂၀၁၃ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ နယ်စပ်က ရှေးဟောင်းဘုရားကျောင်းတစ်ခုကို ဝင်ရောက်ပြီး ကမ္ဘောဒီးယားနိုင်ငံတော်သီချင်းတွေ သီဆိုခဲ့တဲ့အတွက် ထိုင်းတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

Ref – AP