မန်းဝင်းမောင်ဆိုတဲ့ နာမည်ကို ပြည်သူတွေ မှတ်မိ နေကြဦးမှာပါ။ မြန်မာနိုင်ငံရဲ့ တတိယမြောက် သမ္မတကြီးလေ။ သမ္မတကြီး မန်းဝင်းမောင် ကွယ်လွန်ပြီး နှစ်ပေါင်း ၃၀ ကျော်အကြာမှာ သမ္မတကြီးရဲ့ နိုင်ငံရေးမျိုးဆက်ကို ဆက်ခံမယ့်သူတဦး ထွက်ပေါ်လာခဲ့ပါတယ်။
သူ့နာမည်က မန်းထူးကျော်ပါ။ မန်းဝင်းမောင်ရဲ့ ခြောက်ရောက်မြောက် အငယ်ဆုံးသားဖြစ်သူ ဦးဌေးဝင်းမောင်ရဲ့ သားသုံးယောက်ထဲက အငယ်ဆုံးသားပေါ့။ ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်က ပြည် သူတွေဟာ မန်းထူးကျော်ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ တာဝန်တွေကို ထမ်းဆောင်လိုက်ရခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အများသိကြတဲ့အတိုင်း မင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရကို ဖမ်းဆီး ပြီးတော့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တာကြောင့် မို့ပါ။
ဒါနဲ့ပဲ မန်းထူးကျော်ဟာ တော်လှန်ရေးသမားတယောက် ဖြစ်လာခဲ့ ပါတယ်။ သူဟာ ပဲခူးတိုင်း ၊ ဖြူးမြို့ နယ်ထဲမှာ (စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်း) နယ်မြေစိုးမိုးထားတဲ့ အာဠာဝကစစ်ကြောင်းကို တည်ထောင်ခဲ့သူ တဦးဖြစ်တဲ့အပြင် တောင်ပိုင်းတိုင်းစစ်ဒေသ ၂ ဗျူဟာ ၂၄ မှာလည်း ဗျူဟာမှူး ဖြစ်ပါတယ်။
အသားဖြူဖြူ ၊ မျက်နှာဝိုင်းဝိုင်းနဲ့ ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်းရှိတဲ့ မန်းထူးကျော်က အသက် ၄၀ ရှိပါပြီ။ သူ့ရဲ့ ဇာတိကတော့ ရန်ကုန်မြို့ပါ။ သူဟာ အထက ၂ ကမာရွတ် (၂၀၀၀-၂၀၀၁ ပညာသင်နှစ်) မှာ အထက်တန်း အောင်မြင်ခဲ့ပါတယ်။
ငယ်စဉ်ကတော့ သူဟာ စစ်သားကြီးတယောက် ဖြစ်ချင်ခဲ့တာပါ။ အဖိုးဖြစ်သူ မန်းဝင်းမောင်က လေ တပ်သား တယောက် ဖြစ်ခဲ့ဖူးတယ်လေ။ ဒါကို အားကျပြီး သူက စစ်သားကြီးဖြစ်ချင်ခဲ့တာပေါ့။ ဒါပေ မယ့် မန်းထူးကျော် အရွယ်ရောက်လာတဲ့အခါမှာ စစ်တပ်က ပြည်သူ့ချည်ဖက် အဖြစ်ပြောင်းလဲသွား တာကြောင့် သူ့ရဲ့အိမ်မက်တွေကို စွန့်လွတ်လိုက်ပါတော့တယ်။
ဒါနဲ့ပဲ သူဟာ ဝါသနာပါတဲ့ ဘောလုံးအားကစားကို အထက်တန်းပြီးကတည်းက တစိုက်မတ်မတ် ကစားပါတော့တယ်။ ဒဂုံတက္ကသိုလ်မှာ ဥပဒေမေဂျာနဲ့ ပညာသင်ယူနေချိန်မှာလည်း ဘောလုံးကစားတာ ကို မပျက်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဘွဲ့ရခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ နိုင်ငံကိုယ်စားပြု U 20 ဘောလုံးအသင်း လက်ရွေးစင် တဦး ဖြစ်လာခဲ့ပါတယ်။
ဘောလုံးအားကစားမှာ မန်းထူးကျော် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲ ဆိုရင် အရှေ့တောင်အာရှ U 20 ဘောလုံးပြိုင်ပွဲမှာ မန်းထူးကျော်တို့ ရွှေတံဆိပ်တောင် ရရှိခဲ့သေးတာကိုး။ မန်း ထူးကျော်တယောက် ၂၀၁၃ ခုနှစ်အထိ ဘောလုံးလောကထဲမှာ ရှိနေခဲ့တာပါ။
ဇေယျာရွှေမြေ ၊ မနောမြေ ၊ ဧရာဝတီ အစရှိတဲ့ ဘောလုံးကလပ်တွေမှာလည်း မန်းထူးကျော်ပါဝင် က စားခဲ့ ပါသေးတယ်။ ဘောလုံးလောကကနေ အနားယူပြီးတဲ့နောက်မှာတော့ သူဟာ ရန်ကုန်မြို့မှာပဲ ရေ သန့်စက်ထောင်ပြီး ရေသန့်ဗူးတွေ ဖြန့်ချိတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။
“ကျွန်တော် ပါတီဝင်ဖြစ်တာကတော့ ရိုးရှင်းပါတယ်။ အားကစားက နားတော့ မိသားစုအတွက် အလုပ် လုပ်တယ်။အခြေကျလာတော့ လူမှုရေးအတွက် အချိန်ပေးချင်လာတယ်။ အဲ့ဒီအတွက် ပါတီဝင်ခဲ့ပါ တယ်” လို့ ၂၀၂၀ ခုနှစ်မှာ NLD ပါတီဝင် တယောက်ဖြစ်လာတာနဲ့ ပတ်သက်လို့ သူက အခုလိုပြောပြပါ တယ်။
ငပုတောမြို့နယ်ရဲ့ ကိုယ်စားလှယ်လောင်းတဦး ဖြစ်လာတဲ့အခါမှာတော့ မန်းထူးကျော်ဟာ ကွင်းဆင်းပြီး စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရပါတယ်။ “မှတ်မှတ်ရရ ရှိနေတာကတော့ လမ်းပန်းဆက် သွယ်ရေး ခက်ခဲတဲ့ အကြောင်းပါ။ ဖွံ့ဖြိုးမှု့ လုပ်ငန်းတွေ အများကြီး လုပ်ရဦးမယ် ဆိုတာကို သတိထား မိခဲ့ပါတယ်” လို့ မန်းထူးကျော်က ငပုတောမြို့နယ် အတွက် သူလုပ်ကိုင်ဆောင်ရွက်မယ့် အကြောင်းအရာကို ပြောပြပါတယ်။
ဒါပေမယ့်လည်း အာဏာသိမ်းမှု့ ဖြစ်စဉ်ကြောင့် သူ့အနေနဲ့ ဒါတွေကို မလုပ်ဆောင် နိုင်ခဲ့ပါဘူး။ မင်းအောင်လှိုင် အာဏာသိမ်းတဲ့ နေ့ရက်ကဆိုရင် သူဟာ ရန်ကုန်မြို့မှာ ရှိနေခဲ့တာပါ။ အာဏာရှင်ကို ဆန္ဒပြတော့လည်း ရန်ကုန်မှာပါပဲ။ နောက်ပိုင်းတော့ သူဟာ ရွေးကောက်ခံ နယ်မြေဖြစ်တဲ့ ငပုတောကို ဆင်းပြီး ဆန္ဒပြ ပါတော့တယ်။
ဒီတော့ စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်း ထုတ်ပါတော့တယ်။ မန်းထူးကျော် တယောက် ရန်ကုန်ကို ပြန်လာပြီး ရှောင်တိမ်းနေခဲ့ပါတယ်။ နောက်ဆုံး လုံခြုံမှု့ မရှိတော့တဲ့ အဆုံး လွှတ်မြောက်နယ် မြေကို ထွက်ခွာဖို့အတွက် မန်းထူးကျော် ဆုံးဖြတ် လိုက်ပါတော့တယ်။
မန်းထူးကျော်ဆီမှာ သားတယောက် ၊ သမီးတယောက် ရှိပါတယ်။ သူက ဇနီးနဲ့ သားသမီးတွေကို ခေါ်ပြီး ၂၀၂၁ ခုနှစ် မတ်လထဲမှာ ကရင်ပြည်နယ်ကို ထွက်ခွာ ခဲ့ပါတော့တယ်။ မေလထဲမှာတော့ သူဟာ မန်း ဒေါက်စခန်းကို KNU တပ်မဟာ ၇ နယ်မြေထဲမှာ စတင်တည်ထောင် ခဲ့ပါတယ်။
“တနိုင်ငံလုံးကနေ ရောက်လာတဲ့ လူငယ်တွေက အဆုံးထိသွားမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လာတာ ဆိုတော့ ကျွန်တော်တို့ တစုတစည်းထဲ ရှိဖို့လိုတယ်။ UG လုပ်လုပ် တောထဲကနေ စတိုက်ဖို့ပဲ လုပ်လုပ် စစ်ပညာနဲ့ ဖောက်ခွဲရေးပညာ ထောက်လှမ်းရေးပညာတွေကို စနစ်တကျသင်ဖို့ လိုလာပြီ ဆိုတာကို နား လည်ခဲ့တယ်” လို့ မန်းဒေါက်စခန်းတည်ထောင်ရတဲ့ အကြောင်းအရင်းကို သူကရှင်းပြပါတယ်။
ဒီစခန်းမှာ မန်းထူးကျော်ကိုယ်တိုင် စစ်သင်တန်းတက်ပါတယ်။ ပြီးတော့ သင်တန်းသား ရေးရာတာဝန် ရော ၊ စခန်းတာဝန်ခံ တာဝန်ပါ သူက ပူးတွဲ လုပ်ကိုင်ရပါတယ်။ သူတည်ထောင်ခဲ့တဲ့ မန်းဒေါက်စခန်း က ပထမ အစမှာ တောင်ကုန်းလေး တခုပေါ်မှာ တဲလေးတလုံးပဲ ရှိခဲ့တာပါ။
နောက်ပိုင်းကြတော့ သင်တန်းသားတွေက ဘယ်လောက်ထိ များလာလဲဆိုရင် တောင်သုံးလုံးမှာ ခွဲထား ရတဲ့ ပမာဏလောက်အထိ များလာခဲ့ပါတော့တယ်။ ဒီသင်တန်းသားတွေကလည်း အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် သွေးတွေဆူနေကြပါတယ်။
အဲဒီအချိန်တုန်းက တပ်မဟာ ၇ နယ်မြေမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အချိန်မတန်သေးဘူးလို့ KNU ဘက်က လူကြီးတွေက လက်ခံထားပါတယ်။ မန်းထူးကျော်ဘက်က ကြည့်မယ်ဆိုရင်လည်း သွေးဆူနေ တဲ့ သင်တန်းသားတွေကို တိုက်ပွဲဝင်ခွင့်ပြုဖို့ လိုအပ်နေပါတယ်။
“မြန်မြန် တိုက်ပွဲဖော်ဆောင်လို့ရတဲ့ နေရာကို သွားမှဖြစ်တော့မယ်ဆိုပြီး စထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ERO လူကြီးတွေကလည်း နားလည်ပေးပြီး လူ ၅၀ ကို ပထမအသုတ်အနေနဲ့ ကျနော့်ကို ခေါင်းဆောင်ခိုင်းပြီး စထွက်ခိုင်းလို့ တပ်မဟာ ၁ နယ်မြေကို စထွက်ဖြစ်ခဲ့ပါတယ်” လို့ မန်းထူးကျော်က ပြောပြပါတယ်။
၂၀၂၂ ခုနှစ် မတ်လမှာတော့ တပ်မဟာ ၇ ကလာတဲ့ လူ ၅၀ နဲ့ ကျိုက်ထိုနယ်မြေမှာ စစ်သင်တန်း တက်ရောက် ထားတဲ့ လူငယ်တွေပူးပေါင်းပြီး တပ်ရင်းတခုကို တည်ထောင်ခဲ့ကြပါတယ်။ ဒီတပ်ရင်းကို အမှတ် ၃ တပ်ရင်း ၊ သထုံခရိုင်လို့ အမည်ပေးထားပြီး တပ်ရင်းမှာ မန်းထူးကျော်က တပ်ရင်းမှူး အဖြစ်တာဝန်ထမ်း ဆောင်ပါတယ်။
ကျိုက်ထိုခရိုင်မှာ မန်းထူးကျော်တယောက် တနှစ်ကျော်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအ ချိန်မှာ အမျိုးသားညီညွှတ်ရေးအစိုးရက စစ်တောင်းမြစ်ဝှမ်းကို ထိုးဖောက်ဝင်ရောက်ဖို့ မန်းထူးကျော်တို့ တပ်ရင်းကို ညွှန်ကြားလာပါတော့တယ်။
ဒါနဲ့ပဲ အာဠာဝကစစ်ကြောင်းကို မန်းထူးကျော်က ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တောင်း မြစ်ဝှမ်းကို ချီတက်ခဲ့ပါတော့တယ်။ ဒီစစ်ကြောင်းက ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ နတ်သံကွင်းမြို့သိမ်းတိုက် ပွဲနဲ့ ဇရပ်ကြီးမြို့ သိမ်းတိုက်ပွဲတို့လိုမျိုး မစ်ရှင်အကြီးစားတွေမှာတောင် ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ် ကြောင်းပါ။
မန်းထူးကျော်ဆိုရင် တိုက်ပွဲပေါင်းကို မရေမတွက်နိုင်လောက်အောင် ဖြတ်သန်းခဲ့သူပါ။ ဒါပေမယ့်လည်း သူ့ဘဝမှာ မေ့မရတဲ့တိုက်ပွဲ တခုတော့ ရှိနေခဲ့ပါတယ်။ “နတ်သံကွင်း တိုက်ပွဲပါ။ ကျနော်ရဲ့ ရဲဘော်ရဲ ဘက်တဦးဖြစ်တဲ့ မန်းဒေါက်စခန်း သင်တန်း အပါတ်စဉ် ၂ ဆင်း Spring Warrior စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုညီသန့် ကျဆုံးခဲ့ရတဲ့ ပွဲပေါ့။ သူရဲ့ ရုပ်အလောင်းကို ပြန်မရခဲ့တဲ့အတွက် အရမ်း ယူကျုံးမရ ဖြစ်ခဲ့ရတယ်” လို့ မန်းထူးကျော်က ပြောပြပါတယ်။
သူ့ရဲ့ ပထမဦးဆုံးသော တိုက်ပွဲကို ပြောပါဆိုရင်တော့ အာရှဟိုင်းဝေး လမ်းမကြီးပေါ်မှာပါ။ စစ်ကောင်စီ ယာဉ်တန်းကို ပစ်တဲ့ပွဲပေါ့။ ပထမဦးဆုံးသော တိုက်ပွဲဆိုတော့ ခေါင်းဆောင်ဖြစ်တဲ့ မန်းထူးကျော်က “ ငါ ရှေ့ဆုံးမှာနေရမယ်” ဆိုတဲ့ စိတ်နဲ့ ကားလမ်းမအလည်တည့်တည့်မှာ မတ်တပ်ရပ်လိုက်ပါတော့တယ်။
ပြီးတော့ မျက်နှာချင်းဆိုင်လာနေတဲ့ စစ်ကောင်စီကားကို ၇၉ စိန်ပြောင်းနဲ့ ချိန်ပြီး ပစ်ချလိုက်ပါတော့ တယ်။ ပစ်မှတ်ကို ထိပါတယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ကားတွေပေါ်က စစ်သားတွေက လက်နက် ငယ်တွေနဲ့ ဆက်တိုက် ပစ်ပါတော့တယ်။ ကျည်ကွယ်မရှိတဲ့ လမ်းမကြီးပေါ်မှာ ထီးထီးကြီးဖြစ်နေတဲ့ မန်း ထူးကျော်တစ်ယောက် အသက်လုပြီး ရပါတော့တယ်။ ဒါကလည်း သူ့ဘဝအတွက်တော့ အမှတ်တရပါ။
မန်းထူးကျော်က သူ့ရဲ့ အာဠာဝကစစ်ကြောင်းမှာ ပြည်စုံနေတာက ယုံကြည်ချက်နဲ့ စိတ်ဓာတ်ဖြစ်တယ် လို့ ပြောလာပါတယ်။ လိုအပ်နေတာကတော့ ယုံကြည်ချက်တွေကို အကောင်အထည်ဖော်ပေးမယ့် လက်နက်ခဲယမ်းတွေ ၊ ကျည်ကာတွေ ၊ ချပ်ဝတ်တန်ဆာတွေပဲဖြစ်တယ်လို့လည်း သူကဆက်ပြောပါ တယ်။
တော်လှန်ရေးကြီး ပြီးသွားလို့ အသက်ရှင် ကျန်ရစ်ခဲ့မယ်ဆိုရင်တော့ ပြည်သူတွေအတွက် လိုအပ်တဲ့နေ ရာကနေ အလုပ်ဆက်လုပ် သွားဦးမယ်လို့ မန်းထူးကျော်က ဆိုပါတယ်။ “ကျွန်တော်က ပုခုံးပေါ်ရောက် လာတဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်မှာပါ။ တချိန်ချိန်မှာတော့ ကျွန်တော့်ဘဝကို အေးအေးချမ်း ချမ်း ဖြတ်သန်းချင်ပါတယ်”လို့ သူက ပြောလာပါတယ်။
မန်းထူးကျော်က သူ့ရဲ့မဲဆန္ဒနယ်က ပြည်သူတွေကို “တနိုင်ငံလုံးမှာ လွတ်လပ်တဲ့ ကိုယ်ပိုင်ရွေးချယ်မှု အခွင့်အရေးတွေ ပြန်ရတဲ့အထိ ကျွန်တော်အလုပ်လုပ်မှာပါ။ ကျွန်တော်ကို ရွေးခဲ့တဲ့အတွက် အမြဲ ဂုဏ်ယူ ရပါစေမယ်” လို့ စကားပါးခဲ့ပါတယ်။
နောက်ပြီးတော့ မန်းထူးကျော်က မင်းအောင်လှိုင် အပါဝင် စစ်ခေါင်းဆောင်တွေကို “အလုပ်နဲ့ပဲ ပြော တော့မယ်” လို့ သတင်းစကား ပါးလိုက် ပါသေးတယ်။