ဧရာဝတီတိုင်း ဖျာပုံ၊ ဘိုကလေးနဲ့ လပွတ္တာမြို့နယ်တွေမှာ မိုးများပြီး ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒါဟာ အန္တရာယ်ရှိနိုင်တဲ့ အဆင့်တော့ မဟုတ်သေးဘူးလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကတည်းက မေ ၂၇ နောက်ပိုင်း မိုးများပြီး ရေကြီးရေလျှံမျုတွေ ရှိနိုင်တယ်ဆိုတဲ့ အကြောင်းကို ဆက်တိုက် သတင်းထုတ်ပြန်မှုတွေ ရှိခဲ့တာကြောင့် သတိထားရှောင်ရှားကြသူတွေရှိပေမယ့် ပြောင်းရွေ့ဖို့ မတတ်နိုင် အဆင်မပြေကြသူတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ DNA က စုံစမ်းသိရှိရသလောက် ဖျာပုံမြို့နယ်ထဲက ပင်လယ်အပါအဝင် မြစ်ချောင်းနဲ့ နီးတဲ့ နေရာတွေ အကုန်လုံးနီးပါးမှာ ရေကြီးရေလျှံမှုအပြင် လှိုင်းကြီးတဲ့ ဒဏ်ကိုပါခံနေရပါတယ်။
“ ကျွန်တော်တို့လည်း တွက်ချက်ပြီး လုပ်လို့ရမှာတွေ လုပ်ထားပါတယ်။ ခုက မပြောင်းနိုင်တဲ့ နွမ်းပါးသူတွေပဲကျန်ခဲ့ပြီး ဒီဒဏ်ကိုခံရတာပေါ့လေ။ ရေတက်တာကတော့ ပုံမှန်ဆိုလည်း ဒီအချိန်က ဖြစ်နေကြပါပဲ။ ဒီနှစ်ကတော့ မုန်တိုင်းသက်ရောက်မှုလည်း ရှိတော့ နည်းနည်းပိုကြမ်းတယ် ဒီလောက်ပါပဲ။ ဆိုးဆိုးဝါးဝါးဖြစ်ဖို့ မရှိဘူးလို့ ထင်ပါတယ် ” လို့ ဖျာပုံမြို့နယ် ခပြတ်ကျေးရွာ ဒေသခံတဦးက DNA ကိုပြောပါတယ်။
ဖျာပုံမြို့နယ်ထဲက ဒေါ်ငြိမ်းရွာမှာတော့ ပုံမှန်ဈေးဖွင့်ထားရာနေရာက ရေလွတ်တဲ့နေရာ ဖြစ်ပေမယ့် ဒီလထဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဈေးနေရာကို အနိမ့်ပိုင်းမှာ ပြောင်းလဲ သတ်မှတ်ပေးခဲ့တဲ့အတွက်
မနေ့က မေ ၂၈ ရက်နေ့ကစပြီး ပစ္စည်းဆုံးရှုံးမှုတွေနဲ့ ဈေးရောင်းဖို့လည်း အခက်အခဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လပွတ္တာနဲ့ ဘိုကလေးမြို့နယ်ဘက်မှာလည်း မြစ်ချောင်းနဲ့နီးတဲ့နေရာတွေမှာ လူတရပ်နီးပါး ရေတွေမြင့်တက်လာတာ ရှိပေမယ့် ပင်လယ်နဲ့နီးတာကြောင့် ရေကျရက်တွေမှာ ရေပြန်ကျသွားနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
“ ပုံမှန်ဆိုရင် ရေတက်ရက်တွေမှာလည်း တက်နေကျပဲ။ ခုက မိုးလည်းပါတော့ ပိုများများတက်တဲ့သဘောပေါ့။ ကျွန်တော်တို့က မိုးဆက်များနေမယ်ဆိုရင် မြေပြိုတာတွေ၊ ကမ်းပြိုတာတွေကိုတော့ စိုးရိမ်ရပေမယ့် တော်ရုံရေကြီးတာက ရေကျရက်ဆို ပြန်ကျပါတယ် ” လို့ ဘိုကလေးမြို့နယ် ဧရွာ မှာနေထိုင်သူ တဦးက ရှင်းပြပါတယ်။
မိုးဇလ ကျွမ်းကျင် ပညာရှင်တွေကတော့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆိုင်ကလုန်းအဆင့်ထိ မရောက်နိုင်ပဲ အားပျော့သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် ဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးအလွန်များပြီး မိုးရေချိန် ၁၀ လက်မကျော်နိုင်တာကြောင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် ရုတ်တရက် မြစ်ရေမြင့်တက်လာတာတွေ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။