AFP သတင်းဌာနက ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ Al-Ghafari ဂိုဒေါင်ကို လူအုပ်ကြီးက ဝင်ရောက်စီးနင်းခဲ့ပြီး တချိန်တည်းမှာ သေနတ်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
၂၉၊ မေ
စစ်ဘေးကြောင့် စားနပ်ရိက္ခာရှားပါးနေတဲ့ ဂါဇာမှာ လူအုပ်ကြီးက ဂိုဒေါင်တစ်ခုကို ဖောက်ပြီး စားစရာတွေကို အလုအယက်ဝင် ယူခဲ့ကြတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ လူနှစ်ဦး သေဆုံးသလို အများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီးအသေးစိတ် အချက်အလက်တွေကိုတော့ အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
AFP သတင်းဌာနက ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ Al-Ghafari ဂိုဒေါင်ကို လူအုပ်ကြီးက ဝင်ရောက်စီးနင်းခဲ့ပြီး တချိန်တည်းမှာ သေနတ်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီလူတွေဟာ ဂျုံအိတ်တွေအပါအဝင် အစားအစာတွေကို အလုအယက်ပြေးယူနေကြတာပါ။
သေနတ်သံတွေက ဘယ်ကလာတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သုံးလတာနီးပါး အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် ဂါဇာမှာ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ မြင့်မားလာမှုအပေါ် ကုလက သတိပေးထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အငတ်ဘေးမကျရောက်ဖို့ စားနပ်ရိက္ခာအကူအညီတွေ အတိုင်းအတာတစ်ခုအထိ လိုအပ်နေသေးပြီး WFP ကတော့ မြေပြင်က အခြေအနေတွေ၊ အငတ်ဘေးနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာ အခြေအနေတွေကို အဆက်မပြတ် သတိပေးထားတယ်လို့ ဆိုပါတယ်။
ဂျုံနဲ့ အစားအစာတွေ သယ်ဆောင်လာတဲ့ ကုလရဲ့ ထရပ်ကား ၁၂၁ စီးဟာ ဂါဇာကို ရောက်နေပြီဖြစ်တယ်လို့ အစ္စရေးအာဏာပိုင်တွေက မနေ့က ပြောခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ကူညီဖို့ ပမာဏကို အကန့်အသတ်နဲ့သာ ခွင့်ပြုပေးထားဆဲ ဖြစ်ပါတယ်။
လက်ရှိ မြေပြင်မှာ အကူအညီ ရရှိမှုတွေဟာ သင်္ဘောတစင်း နစ်မြှုပ်ပြီးနောက် အသက်ကယ်လှေတစ်စင်းပဲ ရသေးတာနဲ့ တူညီတယ်လို့ ကုလသမဂ္ဂ အရှေ့အလယ်ပိုင်း အထူးကိုယ်စားလှယ် Sigrid Kaag က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။
Ref – AFP