“ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှု အခြေအနေတွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိရှိနိုင်တယ် ၊ အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်တယ်” လို့လည်း UNODC ရဲ့ ယာယီဒေသဆိုင်ရာ ကိုယ်စားလှယ် Benedikt Hofmann က မှတ်ချက်ပြုခဲ့ပါတယ်။
၂၉ ၊ မေ
Methamphetamine မက်သာဖက်တမင်း စိတ်ကြွဆေး တရားမဝင်ကုန်သွယ်မှုဟာ အရှေ့တောင်အာရှမှာ စံချိန်တင် မြင့်မားနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
မေလ ၂၈ရက်နေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ကုန်သွယ်မှုဆိုင်ရာ စောင့်ကြည့်ရေး ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာထဲမှာ စံချိန်တင် ဖမ်းဆီးရမိတဲ့ ပမာဏကို ညွှန်းဆိုပြီး မက်သာဖက်တမင်းနဲ့ တခြားအန္တရာယ်ရှိ မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုဟာ အရှေ့တောင်အာရှမှာ အရှိန်အဟုန်နဲ့ တိုးမြင့်လာနေကြောင်း ဆိုထားပါတယ်။
ဖမ်းဆီးရမိမှုဟာ ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ၂၃၆ တန်ရှိပြီး ဒါဟာ ၂၀၂၃ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း တိုးလာတာပါ။
Methamphetamine စိတ်ကြွဆေးနဲ့ Ice လို့လည်း သိကြတဲ့ Crystal Meth ဆေးပြားတွေဟာ ကြီးမားတဲ့ဈေးကွက်ထဲမှာ ရှိနေပြီး မြန်မာနိုင်ငံမှာ တပြားကို အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၀ (မြန်မာကျပ်ငွေ ၂၀၀၀ ခန့်)ဝန်းကျင်သာ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်က ဆေးပြား တစ်ဘီလီယံခန့် သိမ်းဆည်းရမိခဲ့ပါတယ်။
မက်သာဖက်တမင်းဆေးဝါးတွေ စျေးကွက်တွေမှာ လွှမ်းမိုးမှုရှိနေတာဟာ ရာဇဝတ်ဂိုဏ်းတွေဦးဆောင်တဲ့ တရားမဝင် ကွန်ရက်လမ်းကြောင်းတွေနဲ့ ကြီးမားတဲ့ ထုတ်လုပ်မှုတွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး UNODC က ပြောပါတယ်။
“ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှု အခြေအနေတွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိရှိနိုင်တယ် ၊ အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်တယ်” လို့လည်း UNODC ရဲ့ ယာယီဒေသဆိုင်ရာ ကိုယ်စားလှယ် Benedikt Hofmann က မှတ်ချက်ပြုခဲ့ပါတယ်။
မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ဝေးလံလှပြီး တရားဥပဒေစိုးမိုးမှု နည်းပါးတာကြောင့် ဘိန်းစိုက်ပျိုးရေးနဲ့ ဘိန်းဖြူထုတ်လုပ်မှုတွေမှာ ကျော်ကြားပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြည်တွင်းပဋိပက္ခတွေ တိုးပွားလာခဲ့ပြီး စိတ်ကြွဆေးပြား ကုန်သွယ်မှုတွေလည်း တိုးမြင့်လာခဲ့ပါတယ်။
အစီရင်ခံစာအရ အရှေ့နဲ့ အရှေ့တောင်အာရှတခွင် သာမက တောင်အာရှ အထူးသဖြင့် အိန္ဒိယအရှေ့မြောက် နိုင်ငံမှာလည်း တိုးလာတယ်လို့ ဆိုထားပါတယ်။
မူးယစ်ဆေးဝါးတွေ မြန်မာကနေ ကမ္ဘောဒီးယားကို ရောက်ဖို့ လာအိုကနေ တဆင့် သယ်ယူတဲ့လမ်းကြောင်း များလာတဲ့အပြင် ပင်လယ်ရေကြောင်းအဖြစ် မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကိုလည်း ချိတ်ဆက်ထားပါတယ် ။ မလေးရှား Sabah ဒေသဟာ အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
Ref – AP