“မိဿလင်ကနေ ရိုးမကားလမ်းပေါ်တက်တဲ့ လမ်းရှိတယ်ဗျ။ နွေဆိုရင် ကားသွားလို့ရတယ်။ အဲဒီနေရာမှာ ကာကင်းရှိတယ်။ အဲဒီကာကင်းကိုလာတိုက်နေတာ”လို့ မိဿလင်ကျေးရွာအုပ်စုအတွင်း နေထိုင်သူက ပြောပါတယ်။
၂၈၊မေ လ။
ဧရာဝတီတိုင်း ၊ ငသိုင်းချောင်းမြို့ အနီးက အမြှောက်တပ် ၃၄၄ အနီး မိဿလင်ကျေးရွာ အပြင်ဘက် တောင်းကုန်းပေါ်မှာ ရှိတဲ့ ကာကင်းစခန်းကို မနေ့ညပိုင်းက အာရက္ခတပ်တော်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ အမြောက်အများ ပေါ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
“ညမိုးချုပ်ပြီး ၇ နာရီ နဲ့ ၈ နာရီကြား စပစ်တာ။မြေပြင်ထိတွေ့ရော လက်နက်ကြီးအသံရော။ညက တော်တော်ကြမ်းတယ်”လို့ မိဿလင်ကျေးရွာအုပ်စုအတွင်း နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။မနေ့က ညဦးပိုင်းကနေ သန်းခေါင်ကျော်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းကနေ ညနေအထိတော့ ပစ်ခတ်သံ မကြားရဘူးလို့ ပြောပါတယ်။
ငသိုင်းချောင်းမြို့မှာ နေထိုင်သူ တဦးကလည်း မနေ့ညက ၃၄၄ အနီး ထိတွေ့တိုက်ပွဲသံထွက်ပေါ်ခဲ့တာကို အတည်ပြုခဲ့ပြီး လေးမျက်နှာမြို့နယ်ဘက်ကို တိုက်လေယာဉ်တစီး ပျံသန်းခဲ့တယ်လို့လည်း ပြောပါတယ်။
“မိဿလင်ကနေ ရိုးမကားလမ်းပေါ်တက်တဲ့ လမ်းရှိတယ်ဗျ။ နွေဆိုရင် ကားသွားလို့ရတယ်။ အဲဒီနေရာမှာ ကာကင်းရှိတယ်။ အဲဒီကာကင်းကိုလာတိုက်နေတာ”လို့ ဆိုပါတယ်။
မိဿလင်ကျေးရွာဟာ အမတ ၃၄၄ ရဲ့ မြောက်ဘက် တမိုင်ကျော် အကွာမှာ နီးနီးကပ်ကပ် တည်ရှိတဲ့ ကျေးရွာ တခုဖြစ်ပြီး ဒီနှစ်ဆန်း ဖေဖေါ်ဝါရီလလောက်ကစပြီး တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာမှာက ရှောင်သူနည်းတယ်။ ပြင်ဆင်တော့ ထားကြတယ်။ ဖြစ်တာက ရွာအပြင် တောင်ပေါ်မှာ ဆိုတော့ သတိတော့ ထားရတာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။လက်ရှိအချိန်မှာ အမတ ၃၄၄ ကို ပုသိမ်လေတပ်က လုံခြုံရေး အားဖြည့်ပြီး ပစ်ကူအင်အား ထောက်ပို့ပေးထားတယ်လို့ အမတ ၃၄၄ နဲ့ နီးစပ်တဲ့ ငသိုင်းချောင်းဒေသခံ တဦးကလည်း ပြောပါတယ်။
“ပုသိမ် လေတပ်ကနေ ငသိုင်းချောင်း၊ရေကြည်၊အသုတ်၊ကျုံပျော် မြို့နယ်စခန်းတွေမှာ လုံခြုံရေးအကူအဖြစ် ဗိုလ်ကြီး တယောက်ဆီ ပို့ထားပြီး အမြှောက်တပ်မှာ ဗိုလ်မှူး အဆင့်တယောက် ပို့ထားတယ်”လို့ ဆိုပါတယ်။
အမတ ၃၄၄ ဟာ ငသိုင်းချောင်းမြို့နယ် ၁၀ နီးပါး အကွာအဝေးမှာ ရှိပြီး မြို့နဲ့ အမြှောက်တပ်အကြားမှာ မူလက ရေနံသာဂိတ်တခု ထားရှိရာကနေ မေလ ၂၃ ရက်နေ့က စတင်ပြီး ငသိုင်းချောင်း တံတားအဆင်း ဒေါင့်ကြီးကျေးရွာမှာ အင်အား ၂၀ ခန့် ယာယီတပ်စွဲမှု ပြုလုပ်ပြီး ခံစစ်ပြင်ဆင်ထားပါတယ်။