သဲဖြူရွာဟာ ကြံခင်းမြို့နယ်ကနေ ဘက်ရဲ ၊ ဥသျှစ်ပင် ၊ ပြည်ကို သွယ်တန်းနေတဲ့ လမ်းပေါ်မှာရှိနေတဲ့ ရွာဖြစ်တာကြောင့် ဖြတ်သန်းသွားလာသူတွေများတဲ့ နေရာတခုဖြစ်ပါတယ်။
၂၈၊မေ လ။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ကြံခင်းဘိလပ်မြေ စက်ရုံအနီးက သဲဖြူရွာမှာ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေ ပေါင်းပြီး တဦးတည်း ဆိုင်ကယ်မောင်းလာတဲ့ လူငယ်တွေကို ဖမ်းဆီးတာ၊ လယ်ထဲဆင်းတဲ့ သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။
“ ကျွန်တော် ကိုယ်တိုင်တွေ့တာတင် နှစ်ယောက်ရှိပြီ။ တယောက်တည်း သမားတွေချည်းပဲ ဆိုင်ကယ်ကိုလည်း ယူသွားတယ် လူကိုလည်းခေါ်သွားတယ်။ ကျွန်တော့်လိုတွေ့တဲ့သူတွေလည်း ရှိတယ်။ အဖမ်းခံရတဲ့သူတွေက သဲဖြူကတော့ မဟုတ်ဘူး ဖမ်းတာကတော့ သဲဖြူထိပ်မှာဖမ်းတာ။ အစုလိုက်သွားကြတဲ့သူတွေကိုတော့ စစ်ဆေးတာမျိုးပဲလုပ်တယ် ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
သဲဖြူရွာဟာ ကြံခင်းမြို့နယ်ကနေ ဘက်ရဲ ၊ ဥသျှစ်ပင် ၊ ပြည်ကို သွယ်တန်းနေတဲ့ လမ်းပေါ်မှာရှိနေတဲ့ ရွာဖြစ်တာကြောင့် ဖြတ်သန်းသွားလာသူတွေများတဲ့ နေရာတခုဖြစ်ပါတယ်။
ဖမ်းဆီးရာမှာ ဒေသခံ ပျုစေထီးတွေလည်း ပါဝင်နေတဲ့အတွက် ဒေသခံတွေကို မဖမ်းပဲ ဖြတ်သွားဖြတ်လာ မျက်နှာစိမ်းတွေကို စစ်ဆေးတာ ဖမ်းဆီးတာတွေပြုလုပ်နေပြီး ဖမ်းဆီးခံရသူတွေ ပြန်လွှတ်၊ မလွှတ်ကိုလည်း မသိရဘူးလို့ ဆိုပါတယ်။
DNA က ကြံခင်းမြို့နယ် ဒေသခံတဦးကို ဆက်သွယ်မေးမြန်းရာမှာ “ အဲ့ဒီသတင်းကြားတယ်။ အခုက လူပျောက်တာလည်း စိတ်လာတယ်။ ညဆိုရင်လည်း အိမ်တွေမှာ မအိပ်ရဲကြတော့ ရှောင်တိမ်းပြီးအိပ်ကြရတယ်။ ကျွန်တော်တို့ကတော့ ဒါက စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးတာလို့ပဲ ယူဆပါတယ်။ ငွေလိုချင်ရင် ငွေတောင်းပြီးပြန်လွှတ်မှာပဲလေ။ ဒီလိုအသံတွေ ထွက်လာတယ်ဆိုတာက ပြန်မလွတ်လာကြလို့ပေါ့ ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်း မြို့နယ် တော်တော်များများမှာ ဆိုင်ယ်စီးသူတွေကို လိုင်စင်စစ်ဆေးမှုတွေ တင်းကြပ်နေပေမယ့် အများစုဟာ ငွေကြေးတောင်းခံပြီး ပြန်လွှတ်ကြသလို၊ စစ်ဆေးသူတွေဟာလည်း ရဲတပ်ဖွဲ့ဝင်တွေသာဖြစ်တာကြောင့် အခုလိုမျိုး စစ်သားနဲ့ ပျူစောထီးတွေပါ ပါဝင်တဲ့ ဖမ်းဆီးမှုတွေဟာ စစ်မှုထမ်းဖို့အတွက် ရာခိုင်နူန်းများတယ်လို့ သူက ဆက်ပြောပါတယ်။
မေလ ဒုတိယပတ်ထဲမှာ သဲဖြူရွာအနီးက ရွာတရွာမှာ CDM ကျောင်းဆရာမ တဦးကို စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဆရာမကို မတွေ့တာကြောင့် အမျိုးသားဖြစ်သူနဲ့ အိမ်နီးနားချင်း အမျိုးသမီးတဦးကို ဆရာမကိုယ်စား ဖမ်းခေါ်သွားခဲ့တယ်လို့ သိရပါတယ်။