ကျောက်စရစ်ကုန်းက ဆန်ဆိုင်ပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊နှစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရ

“သူတို့မိသားသားစု ရန်ကုန်မှာ စစ်ရှောင်နေတာ။ အကြွေးရရစရာရှိလို့ ကွမ်းခြံကုန်းကနေလာစောင့်နေ တုန်း ဖမ်းခံရတာ” လို့ ဒေသခံကပြောပါတယ်။

၂၃၊မေလ။

ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် ၊ ကျောက်စရစ်ကုန်းကျေးရွာမှာ နေထိုင်သူတချို့ကို  အာရက္ခတပ်တော် နဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“မိသားစုဝင် ငါးဦးလုံးကို ခေါ်သွားတာပါ။ လေးဦးတော့ ပြန်လွှတ်လာပြီ။ ယောင်္ကျားကတော့ အရိုက်ခံထား ရတယ်” လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ အကြွေး ကျပ်သိန်း ၂၀၀ လာပေးမယ့်လူကို ကွမ်းခြံကုန်းကျေးရွာကနေ စောင့်နေရင်း အခုလို့ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

“သူတို့မိသားသားစု ရန်ကုန်မှာ စစ်ရှောင်နေတာ။ အကြွေးရရစရာရှိလို့ ကွမ်းခြံကုန်းကနေလာစောင့်နေ တုန်း ဖမ်းခံရတာ” လို့ ဒေသခံကပြောပါတယ်။ လက်ရှိအချိန်မှာ ပြန်လည်လွှတ်မြောက်လာသူ မိသားစုဝင် လေးဦးဟာ လုံခြုံတဲ့နေရာမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ပြန်မလွတ်သေးတဲ့ ဆန်ဆိုင်ပိုင်ရှင်ကို  ဒီနေ့အထိ ပြန်မလွှတ်သေးပဲ ဘယ်ကို ဖမ်းခေါ်သွားတယ်၊ ဘယ်မှာရှိနေတယ် ဆိုတာကအစ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

“ဖမ်းခံရတဲ့ လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကတည်းက လိုက်ပြီး ဆက်သွယ်နေတာ။ ဘယ်ခေါ်သွားမှန်းမသိရသေးဘူး” လို့ မိသားစုဝင်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ကျောက်စရစ်ကုန်းကျေးရွာဟာ ပုသိမ်-မုံရွာ ကားလမ်းအရှေ့ခြမ်းက ကျေးရွာ တရွာဖြစ်ပြီး ပန်းတောကြီး နဲ့ လယ်တန်ငယ်ရွာအကြားမှာ ရှိနေပါတယ်။ ပန်းတောကြီး ၊ ကျောက်စရစ်ကုန်း ၊ လယ်တန်ငယ်၊ ဘဲ့ပြားကုန်း စတဲ့ကျေးရွာတွေဟာ ဧပြီလကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ကျေးရွာတွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရေကြည်၊လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တွေထဲမှာ ဒေသခံရွာသားတွေ အနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသလို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က သတင်းလုံခြုံရေးအတွက် ဖုန်းတွေကို သိမ်းယူတာ ယာယီထိန်းသိမ်းထားတာတွေ ရှိနေသလို ၊ စစ်တပ်ဘက်ကလည်း တော်လှန်ရေးအဖွဲ့တွေကို ထောက်ပို့လုပ်တယ် ၊ သတင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ၊ ငွေညှစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။