“ကွမ်းစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ ဈေးနူန်းတခုတည်းကို ကြည့်ပြီးလုပ်ကိုင်တာမျိုးထက် အစစ အရာရာချင့်ချိန်ပြီး လုပ်ကိုင်တာမျိုးက ပိုကောင်းပြီး အထိနာသက်သာနိုင်တယ်လို့ ကွမ်းဒိုင်တွေက အကြံပြုထားကြပါတယ်။”
၂၂၊မေ။
ကွမ်းရွက်ဈေးတွေကျနေသလို ဝယ်သူမရှိတာကြောင့် အရှုံးများပြီး အလေအလွင့်ဖြစ်ရတာအထိရှိနေတယ်လို့ ကွမ်းစိုက်တောင်သူတွေက DNA ကိုပြောပါတယ်။
တဖက်မှာလည်း မိုးတွင်းရောက်လာပြီဖြစ်လို့ မိုးကြောင့်ဖြစ်တဲ့ ပိုးမွှားရောဂါဒဏ်တွေကို ပိုဂရုစိုက်ထိန်းသိမ်းဖို့ လိုတာကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာမှာ ဖြစ်လို့တောင့်မခံနိုင်တဲ့ ကွမ်းစိုက်တောင်သူတွေ ဆက်မစိုက်နိုင်တာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။
“ကျွန်မတော့ ခြံကိုပစ်ထားလိုက်ပြီ။ တော်တော်ရှုံးတယ်။ နွေကွမ်းပေါ့ နွေကွမ်းမှာတော်တော်ရှုံးသွားတော့ ခု မိုးကျ ပိုဂရုစိုက်ရတယ်လေ။ ဆက်ပြီးတောင့်ခံထားဖို့တော့ တွေးထားတယ်။ ကွမ်းက အကျနာတယ်ဆိုရင် အတက်လည်းနာတယ်(အမြတ်များများရတယ်) “လို့ ညောင်တုန်းမြို့က ကွမ်းစိုက်တောင်သူ တဦးက ဆိုပါတယ်။
လတ်တလောကာလမှာ ကွမ်းရွက်ဈေးတွေဟာ အရည်အသွေးကောင်းရင် တပိဿာကို တသိန်းကျပ်ဝန်းကျင်မှာ ရှိနေပေမယ့် စိုက်သူတွေအတွက်ကတော့ တသိန်းငါးသောင်းကျပ်ဝန်းကျင် ရမှသာ စိုက်ပျိုးစရိတ်ကို ကာမိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်က ပန်းတနော် ကွမ်းကိုင်တာများတယ်။ အခုကွမ်းဈေးကျတာက ကျွန်တော်တို့ ဒိုင်တွေက သူတို့ထွက်သလောက် မဖြုန်းနိုင်တော့တာကြောင့်လို့ ထင်တယ်။ ကွမ်းစိုက်တဲ့သူတွေကလည်း မနည်းကြီး များလာတာကိုးဗျ”လို့ ရန်ကုန်မှာ ကွမ်းဒိုင်ဖွင့်ထားတဲ့ မြောင်းမြသား (သူ့ကိုယ်သူခေါ်ဆိုစေလိုသော နာမည်) က ပြောပါတယ်။
ကွမ်းက အထားခံတဲ့ ကုန်ပစ္စည်း မဟုတ်သလို ရှုံးလွယ်တဲ့ ပစ္စည်းဖြစ်တာကြောင့် ဈေးသက်သာတယ်ဆိုတိုင်း ကုန်လှောင်လို့မရတာကြောင့် ဈေးကျပေမယ့် ဝယ်မယ့်သူမရှိတာဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မိုးဦးကာလက ကွမ်းတွေဈေးကောင်းခဲ့တာကြောင့် ဒီနွေမှာ ကွမ်းစိုက်တောင်သူတွေ ပိုမိုများပြားလာခဲ့ပေမယ့် ဝယ်လိုအားထက် များစွာကျော်လွန်နေတဲ့ ထွက်ကုန်တွေကြောင့် ဈေးကွက်မငြိမ်သက်မှုတွေ ဖြစ်လာခဲ့တာလို့ လည်းကွမ်းစိုက်တောင်သူတွေက ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ကွမ်းဈေး အဆမတန်တက်ရခြင်းကလည်း မိုးဦးကာလ မိုးများပြီး ကွမ်းခြံတွေ ပျက်ဆီးသွားတာကြောင့် ကွမ်းရွက်ရှားပါးပြီး ဈေးတက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကွမ်းစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ ဈေးနူန်းတခုတည်းကို ကြည့်ပြီးလုပ်ကိုင်တာမျိုးထက် အစစ အရာရာချင့်ချိန်ပြီး လုပ်ကိုင်တာမျိုးက ပိုကောင်းပြီး အထိနာသက်သာနိုင်တယ်လို့ ကွမ်းဒိုင်တွေက အကြံပြုထားကြပါတယ်။
“အဓိကကတော့ ဈေးကွက်ကိုအကဲခပ်ပြီး သွင်းကုန်အရင်းနှီးကို ချိန်ဆထည့်ကြမှ အဆင်ပြေမယ် ခေတ်ကမကောင်းတော့ ဈေးကွက်က အပိုင်တွက်လို့မရဘူး။ ကွမ်းရောဂါတွေသတိထားမှ ဆီစွန်းရိုးမဲ ပင်သေ ဒေါင်းမီး ဒင်းဂါးရောဂါ စတာတွေပေါ့”လို့ မြောင်းမြသားက အကြံပြုထားပါတယ်။