အမတ ၃၄၄ ကာကင်းစခန်း တခု ထပ်မံစွန့်လွှတ်လိုက်ရပြီး တပ်ရင်းမှူးတဦး သေဆုံးတယ်လို့ သတင်းထွက်ပေါ်

အမတ ၃၄၄ နဲ့ ၁၇ မိုင်ခန့်ဝေးတဲ့ လက်ပံပင်ကာကင်းကနေ စစ်ကောင်စီ နောက်ဆုတ်ပေးလိုက်ရတဲ့ အခြေအနေကြောင့် နောက်ဆုံးကာကင်းတခုဖြစ်တဲ့ ကျောက်တိုင်ဗွေ ကာကင်းစခန်းတခုသာ ကျန်နေပြီလို့ မြေပြင် အချက်အလက်တွေကို အခြေခံပြီး သုံးသပ်နိုင်ပါတယ်။

၂၂၊မေလ။

ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့အနီးက အမြောက်တပ် ၃၄၄ အနီးမှာ တိုက်ပွဲတွေ ပြင်းထန်းနေပြီး အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

“၃၄၄ နဲ့ ၁၇ မိုင်လောက်ဝေးတဲ့ ကာကင်းစခန်းတခုမှာ တပ်က နောက်ဆုတ်ပေးလိုက်ရတယ်လို့ ကြားတယ်။တနေ့ကလည်းကြဲတယ်။ မနေ့ကဆိုလည်း လေယာဉ်နဲ့ အလုံး ၂၀ လောက်လာကြဲတယ်”လို့ မြောက်စမ်းရွာ အနီးနေထိုင်သူတဦးက DNA ကိုပြောပါတယ်။

အမတ ၃၄၄ ရဲ့ ရခိုင်ပြည်နယ် အစပ်က ကာကင်းစခန်းတွေကို မေလဆန်းပိုင်းက စတင်ပြီး အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပျောက်ကြားစနစ်နဲ့ စတင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူ ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေခဲ့တာ ဖြစ်ပါတယ်။

“၃၄၄ မှာ ဖြစ်နေတာ အတော်ကြမ်းတယ် ။ မနက်ကတည်းကပဲ နေ့လည်ပိုင်း ခဏနားပြီး အခု ပြန်ဖြစ်နေကြပြီ။ ကာကင်းစခန်းတွေတောင် မဟုတ်လောက်တော့ဘူး ၃၄၄ နားအထိ ကပ်လာနေပြီ”လို့ သီတာကုန်းမြင်အနီး နေထိုင်သူတဦးကလည်း မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်မှာ DNA ကို ပြောပါတယ်။

စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ကိုမောင်မောင်က Tik Tok မှာ ဧရာဝတီတိုင်း အမြှောက်တပ် ၃၄၄ က ကာကင်းစခန်းတခု ဆုံးရှုံးလိုက်ရပြီး တပ်ရင်းမှူး တဦးကျဆုံးတယ်လို့ မနေ့က မေလ ၂၁ ရက်နေ့ည မှာ ပြောထားခဲ့ပါတယ်။ DNA ရဲ့ ဧရာဝတီတိုင်း စစ်ရေးသတင်းရင်းမြစ်ကို အတည်ပြုရာမှာ တပ်ရင်းမှူး တဦးကျဆုံးတယ်ဆိုတဲ့ မြေပြင်သတင်းတွေရှိပေမယ့် တိတိကျကျ အတည်ပြုမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ငသိုင်းချောင်းမြို့မှာနေထိုင်တဲ့ စစ်တပ်အသိုင်းအဝန်းနဲ့ နီးစပ်သူတဦးကတော့ ဒုရင်းမှူး တဦးကျတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဟာ ဧပြီလဆန်းကနေ ဒုတိယပတ်ကျော်အထိ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ထဲကို ဦးတည်ခဲ့ရာကနေ ဧပြီလ နောက်ဆုံးပတ်နဲ့ မေလဆန်းက စပြီး ရေကြည်မြို့နယ်ထဲက အမတ ၃၄၄ ကို စစ်ဦးလှည့်ခဲ့တာကို တွေ့ရပါတယ်။

နယ်မြေကျွမ်းကျင်သူတွေအဆိုအရ အမတ ၃၄၄ မှာ ကာကင်းစခန်းကြီး ၃ ခုရှိနေပြီး ၂၂ မိုင်ခန့်အကွာ ဧရာဝတီနဲ့ ရခိုင်ပြည်နယ် အစပ် နယ်ခြားကျောက်တိုင်အနီး စပြင်ကျေးရွာ အနီးမှာ ကာကင်းစခန်းတခု ၊ ၁၇ မိုင်ခန့်အကွာ လက်ပံပင်ကျေးရွာအနီးမှာ ကာကင်းစခန်းတခု ၊ ၇ မိုင်သာဝေးတဲ့ ကျောက်တိုင်ဗွေမှာ ကာကင်စခန်းတခုရှိတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြောင့် အမတ ၃၄၄ နဲ့ ၁၇ မိုင်ခန့်ဝေးတဲ့ လက်ပံပင်ကာကင်းကနေ စစ်ကောင်စီ နောက်ဆုတ်ပေးလိုက်ရတဲ့ အခြေအနေကြောင့် နောက်ဆုံးကာကင်းတခုဖြစ်တဲ့ ကျောက်တိုင်ဗွေ ကာကင်းစခန်းတခုသာ ကျန်နေပြီလို့ မြေပြင် အချက်အလက်တွေကို အခြေခံပြီး သုံးသပ်နိုင်ပါတယ်။

လက်တလော စစ်ရေးအခြေအနေကြောင့် အမတ ၃၄၄ ရဲ့ တပ်နယ်မြေလုံခြုံရေးကို တင်းကြပ်ထားပြီး မူလက တပ်တွင်းကို အရပ်သားတွေ ဝင်ထွက်ခွင့် ရှိပေမယ့် အခုနောက်ပိုင်းမှာ အရပ်သားတွေကို တပ်ဧရိယာအတွင်း ဝင်ထွက်ခွင့် မပေးတော့ပဲ တပ်ပတ်ခြာလည်း မြက်တွေကို ရှင်းပြီး သတ်ကွင်းဖေါ်တာ ၊ ကတုတ်ကျင်း အသစ်တွေ တူးတာမျိုး ပြင်ဆင်ထားတယ်လို့ ငသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။ ဒါ့အပြင် မေလ ၂၁ ရက်နေ့ မနေ့က မနက်ပိုင်းမှာလည်း အမတ ၃၄၄ ကို ဧရာဝတီတိုင်း ဒုတိုင်းမှူး လာရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“မနက် ၈ နာရီခွဲကျော်လောက်က ငသိုင်းချောင်းကနေ ဖြတ်ပြီး ၃၄၄ ကိုသွားတာ ၊ ကားတန်းက ၁၀ စီးကျော်လောက်ပဲ နောက်ဆုံးကားမှာ ဂျန်ဘာပါတယ်”လို့ ငသိုင်းချောင်းမြို့သူတဦးက ပြောပါတယ်။