တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်

လေ့ကျင့်မှုအတွင်း ဖိလစ်ပိုင်ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

၂၂၊ မေ

တောင်တရုတ်ပင်လယ်ပြင်မှာ ပြုလုပ်တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ရဲ့ရေကြောင်းဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်တွေအပါအဝင် လေကြောင်းတပ်တွေလည်း ပါဝင်ခဲ့တယ်လို့ မေလ ၂၁ ရက်နေ့မှာ မနီလာစစ်တပ်က ထုတ်ပြန်ပါတယ်။

ဒီလေ့ကျင့်မှုကို မေလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး Palawan နဲ့ Occidental Mindoro ဒေသတွေမှာ ပြုလုပ်ခဲ့တာပါ။

လေ့ကျင့်မှုအတွင်း ဖိလစ်ပိုင်ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ US Coast Guard Cutter Stratton လို့အမည်ရတဲ့ သင်္ဘောကြီးတစင်းနဲ့ P-8A Poseidon လို့ခေါ်တဲ့ ပင်လယ်ပြင် ကင်းလှည့်လေယာဉ်တစင်း ပါဝင် လေ့ကျင့်ခဲ့ပါတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန် နှစ်နိုင်ငံအကြား ၂၀၂၃ ခုနှစ်ကတည်းက စတင်လုပ်လာတဲ့ ပူးပေါင်း လေ့ကျင့်မှုတွေအနက် စုစုပေါင်း ခြောက်ကြိမ်မှာ အခုနှစ်အတွက် ဒုတိယအကြိမ်မြောက် ပင်လယ်ပြင်ဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက် လေ့ကျင့်မှု (MCA) ဖြစ်ပါတယ်။

MCA လို ပူးပေါင်းလေ့ကျင့်မှုတွေဟာ ဖိလစ်ပိုင်စစ်တပ်ရဲ့ စွမ်းရည်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ကာကွယ်ရေးဆိုင်ရာမဟာမိတ်အင်အား ခိုင်မာစေဖို့အပြင်

နိုင်ငံအတွက်နဲ့ ဒေသတွင်းဆိုင်ရာ ရေကြောင်း အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက် ထပ်လောင်းအတည်ပြုရာရောက်တယ်လို့

ဖိလစ်ပိုင်တပ်မတော် အကြီးအကဲ Romeo Brawner က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ရေပိုင်နက်အငြင်းပွါးမှုနဲ့ ပတ်သတ်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား ဆက်ဆံရေး တင်းမာနေတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ဟာ နိုင်ငံအများစုရဲ့ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃ ထရီလီယံထက်ပိုတဲ့ ရေကြောင်းဆိုင်ရာ ကုန်သွယ်မှု လည်ပတ်ရာ ဒေသဖြစ်ပါတယ်။

တရုတ်ကတော့ တောင်တရုတ်ပင်လယ်ရဲ့ အရေးပါတဲ့ နေရာအများစုကို သူတို့ ပိုင်ဆိုင်ကြောင်း ဆိုထားပေမယ့် ၂၀၁၆ခုနှစ်မှာ နိုင်ငံတကာခုံသမာဓိအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်အရ အရ ဒါဟာ နိုင်ငံတကာ ဥပဒေအရ အကျံုး မဝင်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ကတော့ အဲ့ဒီဆုံးဖြတ်ချက်ကို လက်မခံခဲ့ပါဘူး။

Ref – Reuters