“ တခါတလေ တနေရာကနေ စောင့်နေပြီး ပိတ်ဖမ်းတာမျိုးလည်း ရှိတယ်။ ရွာမှာက အများစုက ဆိုင်ကယ်ရော လူရော လိုင်စင်ရှိကြတာ မဟုတ်တော့ ခုဆို မြို့ကိုသွားဖို့ တာလမ်းပေါ်တက်ဖို့တောင် ကြောက်နေပြီ “လို့ အရှုပ်ကွင်းမှာနေထိုင်သူတဦးက ပြောပြပါတယ်။
၂၁၊မေ။
ဧရာဝတီတိုင်း ဇလွန်မြို့နယ်က ယာဉ်ထိန်းရဲတွေဟာ ကျေးရွာတွေအထိဆင်းပြီး ယာဉ်တွေကို စစ်ဆေးနေပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ဇလွန်မြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“အရင်က တလ တခါလောက်ပဲ လှည့်တာမျိုးလုပ်တာ။ ခုရက်ပိုင်းမှာကျ နေ့တိုင်းကို ဆင်းချလာပြီး တာလမ်းတလျှောက် ဖမ်းလိုက်စစ်လိုက် လုပ်နေတာ။ ကျွန်တော့်တုန်းက သူတို့စစ်ပြီး လိုင်စင်မရှိလို့ ငွေ နှစ်သောင်းတောင်းတယ် မပေးနိုင်ရင် ဖမ်းမယ်တဲ့ “ လို့ ဇလွန်မြို့နယ် ရွာတခုမှာနေထိုင်တဲ့ ကိုကောင်းမြတ်သူ က ပြောပါတယ်။
ယာဉ်ထိန်းရဲဆိုပေမယ့် မော်တော်ပီကယ်ယူနီဖောင်းတွေနဲ့ မဟုတ်ဘူးလို့ သိရပါတယ်။ ကားတွေကို စစ်ဆေးကြပေမယ့်လည်း အဓိကအားဖြင့် ဆိုင်ကယ်တွေကို ဦးထုတ်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ် တူးဘောက်စ်တွေကို စစ်ဆေးလေ့ရှိတယ်လို့ ဆိုကြပါတယ်။
“တာလမ်းတလျှောက်တော့ ပတ်နေတာပဲ။ တခါတလေ တနေရာကနေ စောင့်နေပြီး ပိတ်ဖမ်းတာမျိုးလည်း ရှိတယ်။ ရွာမှာက အများစုက ဆိုင်ကယ်ရော လူရော လိုင်စင်ရှိကြတာ မဟုတ်တော့ ခုဆို မြို့ကိုသွားဖို့ တာလမ်းပေါ်တက်ဖို့တောင် ကြောက်နေပြီ “လို့ အရှုပ်ကွင်းမှာနေထိုင်သူတဦးက ပြောပြပါတယ်။
ဇလွန်မြို့ပေါ်မှာ နေထိုင်သူတွေကတော့ ရန်ကုန်ဘက်ကနေ ဇလွန်ထဲအဝင် ဂိတ်မှာ နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ရဲနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတာ တလနီးပါး ရှိနေပြီဖြစ်တယ်လို့ ဆိုကြပါတယ်။
ဇလွန်မြို့နယ်မက ဒေသခံတွေဟာ စိုက်ပျိုး၊ မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသူတွေဖြစ်ပြီး လက်ရှိအချိန်ဟာ ရာသီအကူးအပြောင်း ကာလဖြစ်တာကြောင့် စိုက်ပျိုး၊ မွေးမြူရေးအတွက် လိုအပ်တာတွေကို မြို့ပေါ်တက်ဝယ်ကြလေ့ရှိတဲ့ အချိန်ဖြစ်ပါတယ်။
ပုံစာ-ဇလွန်မြို့ ကမ်းနားအနီး လမ်းမတနေရာ