ဂါဇာဆီ အရေးပေါ်အကူအညီတွေ မရောက်ရင် ကလေးငယ် တသောင်းခွဲနီးပါး သေဆုံးနိုင်တယ်လို့ ကုလ သတိပေး

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားတာ သီတင်းပတ် ၁၁ ပတ်ကြာအောင် ရှိနေပါပြီ။

၂၁၊ မေ

လာမယ့် ၄၈ နာရီအတွင်းမှာ ဂါဇာကမ်းမြောင်ဆီ ပို့ရမယ့် အရေးပေါ် အကူအညီတွေ မရောက်ရင် ကလေးငယ် ၁၄,၀၀၀ ခန့် သေဆုံးနိုင်ခြေရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာက သတိပေးလိုက်ပါတယ်။

မေလ ၁၉ရက်နေ့က ဂါဇာကမ်းမြောင်ဒေသကို ကယ်ဆယ်ရေးအတွက် ထရပ်ကားငါးစီး ဝင်ခွင့်ရခဲ့ပေမဲ့ ဒီအရေအတွက်ဟာ သမုဒ္ဒရာထဲ ရေစက် တစ်စက်လောက် ချလိုက်တဲ့ ပမာဏသာဖြစ်ပြီး လူဦးရေများပြားလှတဲ့ ဂါဇာအတွက် ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ သူက ပြောပါတယ်။

နိုင်ငံတကာရဲ့ ဖိအားတွေ မြင့်တက်နေတဲ့ကြားမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ညာဟုအနေနဲ့ ဂါဇာကို ပိတ်ဆို့မှု တစိတ်တပိုင်းလောက်သာ ဖြေလျှော့ပေးခဲ့တယ်လို့ The Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တွမ်ဖလက်ချာက “နောက် ၄၈ နာရီအတွင်း ဒီကလေးတွေ အများအပြားကို တတ်နိုင်သမျှ ကယ်တင်ချင်ပါတယ်” လို့ဆိုပြီး ဂါဇာမှာ ဖြစ်နေတဲ့ အရေးပေါ် အခြေအနေတွေနဲ့ ပတ်သက်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

လက်ရှိမှာလည်း မြေပြင်မှာ ကူညီပေးနေတဲ့ ကုလရဲ့အဖွဲ့ဝင်တွေဟာ ပဋိပက္ခကြားမှာ သေဆုံးမှုတွေ အများအပြားရှိနေပေမဲ့ အရေးပေါ်လိုအပ်ချက်တွေကို စောင့်ကြည့်အကဲဖြတ်နိုင်ဖို့ ဆေးဝါးကုသရေးစင်တာတွေနဲ့ စာသင်ကျောင်းတွေမှာ အဖွဲ့ဝင်တွေအနေနဲ့ ဆက်လက် လှုပ်ရှားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းက ဂါဇာကမ်းမြောင်ကို ကယ်ဆယ်ရေး ထရပ်ကား ၁၀၀ ခန့် စေလွှတ်မယ်ဆိုတဲ့ ကုလဘက် အတည်ပြုချက်တွေရှိခဲ့ပေမဲ့ ဒီအရေအတွက်ဟာ ပဋိပက္ခ မစတင်ခင် ဝင်ခွင့်ရခဲ့တဲ့ အစီးရေ ၅၀၀ ထက်စာရင် အလွန်နည်းပါးပါတယ်။

အစ္စရေးဘက်က လေကြောင်းတိုက်ခိုက် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားက မြေပြင်မှာ အကူအညီတွေ ဆက်လက်ပေးအပ်နိုင်အောင် ကြိုးပမ်းနေကြတဲ့ ကုလအဖွဲ့ဝင်တွေရဲ့ အန္တရာယ်ကိုလည်း ကုလအနေနဲ့ သတိပြုမိတယ်လို့ ပြောထားပါတယ်။

ဂါဇာရဲ့ လက်ရှိ အခြေအနေဟာ နိုင်ငံတကာကျန်းမာရေး အရာရှိတွေအတွက်လည်း အသက်ဘေး စိုးရိမ်ပူပန်စေရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒနမ် ဂေဘရီယေးဆပ်စ်ကလည်း လက်ရှိဖြစ်နေတဲ့ စစ်ပွဲကြောင့် စားနပ်ရိက္ခာတန်ချီ ပိတ်ဆို့ခံထားရတဲ့ ဂါဇာမှာ လူနှစ်သန်းလောက် ငတ်မွတ်နေကြရတယ်လို့ မကြာသေးမီက အစီရင်ခံစာတစ်ခုမှာ တင်ပြထားပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါက ခေါင်းဆောင်တွေကတော့ ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ ပြင်းထန်ရက်စက်လှတဲ့ ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး ပူးပေါင်း အရေးယူမှုတချို့ အစ္စရေးအပေါ် ပြုလုပ်ဖို့ လေသံပစ်ထားကြပါတယ်။
Ref – theguardian