ချူလာလောင်ကွန်း တက္ကသိုလ် ဆေးပညာဌာနက ဒေါက်တာ Thira Woratanarat က ကိုဗစ်ကူးစက်မှုဟာ သီတင်းပတ် ၁၁ ပတ်ဆက်တိုက် တိုးလာနေတယ်လို့ မနေ့က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
၂၀၊ မေ
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃,၀၃၀ ဦးအထိ မြင့်တက်လာပြီး ဘန်ကောက်မှာ အနည်းဆုံး ကူးစက်ခံရသူ ၆,၀၀၀ ရှိကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဌာနရဲ့ ထုတ်ပြန်အသိပေးချက်အရ ဒီကူးစက်မှုဟာ မေလ ၁၁ ရက်နေ့ကနေ ၁၇ ရက်အထိ အရေအတွက်ဖြစ်ပြီး အရင် ရှေ့သီတင်းပတ်တွေက ၁၆,၀၀၀ ဦးရေထက် နှစ်ဆ တိုးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကူးစက်သူတွေထဲက ၁,၉၁၈ ဦးကို ဆေးရုံတင်ထားရပြီး ဆူခိုထိုင်းနဲ့ ကန်ချနာဘူရီက နှစ်ဦးကတော့ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ရပါတယ်။
ဘန်ကောက်မှာ ကိုဗစ်ကူးစက်ခံရသူ ဦးရေ ၆,၂၉၀ ရှိပြီး ချွန်ဘူရီ (၂,၅၇၃)၊ ရရောင်း (၁,၆၈၀)၊ နွန်တပ်ဘူရီ (၁,၄၈၂) နဲ့ စမွတ်ပရာကန် (၁,၄၄၂) တို့ ဖြစ်ပြီး ကူးစက်ခံရသူအများစုဟာ အသက် ၃၀ နဲ့ ၃၉ နှစ်ကြားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။
ချူလာလောင်ကွန်း တက္ကသိုလ် ဆေးပညာဌာနက ဒေါက်တာ Thira Woratanarat က ကိုဗစ်ကူးစက်မှုဟာ သီတင်းပတ် ၁၁ ပတ်ဆက်တိုက် တိုးလာနေတယ်လို့ မနေ့က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
“အခြေအနေက ဒီအတိုင်းသာ ဆက်သွားနေရင် နောက်အပတ် အစီရင်ခံတဲ့အခါ အခု အရေအတွက်ထက် နှစ်ဆတိုးလာလိမ့်မယ်။ ရောဂါဖြစ်ပွားမှုဟာ အချိန်ပိုကြာနိုင်ပြီး အခုကနေ အနည်းဆုံး သုံးလလောက်အတွင်း အမြင့်ဆုံး ရောက်နိုင်တယ်။”လို့ ဒေါက်တာ Thira က သုံးသပ်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး (BMA) နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာန (MSD) ရဲ့ ဒါရိုက်တာ Loetluck Leelaruangsaeng က အခုနှစ် စာသင်နှစ်အစမှာ ကလေးတွေအကြား ရောဂါထိန်းချုပ်မှု အစီအမံတွေ ပိုမိုအားကောင်းလာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကလေးယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ အိပ်ရာပေါ်လဲနေတဲ့ နာတာရှည်လူနာတွေအတွက် ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ စက်ပစ္စည်းကိရိယာတွေကို ပြင်ဆင်ထားပေးဖို့ ညွှန်ကြားထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ ဒါမှမဟုတ် မောပန်းနွမ်းနယ်တာ စတဲ့ လက္ခဏာတွေ ပြသလာရင် နှာခေါင်းအကာနဲ့ ATK ကိုဗစ်စစ်ဆေးတဲ့ ကိရိယာတွေ ချက်ချင်း အသုံးပြုဖို့ အကြံပြုထားပါတယ်။
ပြည်သူတွေအနေနဲ့ “BMA Doctor” အက်ပလီကေးရှင်းကနေတဆင့် တယ်လီဆေးဝါးဝန်ဆောင်မှုကို လက်ခံရရှိနိုင်သလို MSD ရဲ့ hotline နံပါတ် ၁၆၄၆ ကို ခေါ်ဆိုနိုင်တယ်လို့ ပြောပါတယ်။
BMA ကျန်းမာရေးဌာန ဒါရိုက်တာ Pawinee Rungtonkit ရဲ့ ပြောကြားချက်အရ ပြည်သူ့ကျန်းမာရေး ကူးစက်ရောဂါများ ဆိုင်ရာဌာနကနေ ရောဂါဖြစ်ပွားနေတဲ့ နေရာတွေကို ရောဂါထိန်းချုပ်ရေး အစီအမံတွေ ပံ့ပိုးကူညီပေးပြီး စောင်ကြည့်မှုတွေနဲ့ အမြန်ဆုံးတုံ့ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေကို စေလွှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားငါးဦးထက်ပိုပြီး ကူးစက်ခံရပါက ကျန်းမာရေးဌာနကို အမြန်ဆုံး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။
Ref – Bangkok Post
(Photo: Nutthawat Wichieanbut)