မြေဖြူကိုင်တဲ့လက်နဲ့ မောင်းပြန်ကိုင်ခဲ့တဲ့ ဘိုကလေးက တော်လှန်ရေးသမား ကျောင်းဆရာ

“အာဏာသိမ်းတဲ့နေ့မှာပဲ မိန်းမနဲ့ကျွန်တော် ကွဲတော့တာပဲ” လို့ မင်း ဘုဏ်းလူက ပြောပါတယ်။

၂၀၊မေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က အာဏာစသိမ်းလိုက်ပြီး ကတည်းက မြန်မာနိုင်ငံတနိုင်ငံလုံး နည်း တူ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာလေး မင်းဘုဏ်းလူဘဝလည်း ကံဆိုးမှုတွေ စတင်ကျရောက် ခဲ့တာပါ။

“ဇနီးဖြစ်သူက ကိုယ်ဝန် ၈ လနဲ့လေ။ သားကြီးဖြစ်သူကတော့ ၁၁ နှစ်သားအရွယ်ပေါ့”
အာဏာရှင်စစ်တပ်ကို လက်နက်ကိုင်ပြီးတော်လှန်မှ ရမယ်ဆိုတာကို မင်းဘုဏ်းလူက ကောင်းကောင်းသိခဲ့ပါတယ်။ ဇနီးဖြစ်သူကတော့ ဒါကိုလက်မခံခဲ့ပါဘူး။ တော်လှန်ရေး လုပ်မယ်ဆိုရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေး ဆိုတဲ့အခါ မင်းဘုဏ်းလူ တယောက် လက်မှတ်ထိုးပေးပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့ပါတော့တယ်။ အခုတော့ သူဟာ လက် နက်ကိုင် တော်လှန်ရေးသမား တယောက် ဖြစ်လို့နေပါပြီ။

မင်းဘုဏ်းလူကို ဘိုကလေးမြို့နယ် ၊ ရုပ်ဆိုင်ကျေးရွာအုပ်စု ၊ ဘုရားကြီးချောင်းကျေးရွာမှာ မွေးဖွားခဲ့ တာပါ။ အထက်တန်းစာမေးပွဲကိုတော့ ရုပ်ဆိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက် ရောက် အောင်မြင်ခဲ့ပါတယ်။ သူ့ငယ်ဘဝ အိပ်မက် က စာရေးဆရာ တယောက်ဖြစ်ချင်ခဲ့တာပါ။

သူ လေးတန်းနှစ်မှာ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး သူ ၇ တန်းနှစ်မှာတော့ မိခင်ဖြစ်သူက ထပ်မံဆုံး ပါးသွားခဲ့ပြန်ပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်ပြီး ရက်ပိုင်းအတွင်းမှာ အကိုကြီးဖြစ်သူက တောခိုသွားခဲ့တာကြောင့် မင်းဘုဏ်းလူဟာ တကောင်ကြွက်ဘဝနဲ့ ဆက်လက် ဖြတ်သန်း ရပါတော့တယ်။
၂၀၀၅ ခုနှစ်မှာ အထက်တန်း အောင်မြင်ခဲ့တဲ့ မင်းဘုဏ်းလူဟာ ၂၀၁၃ ခုနှစ်မှာ နေ့စားလပေး ပညာ ရေးဝန်ထမ်း ဖြစ်လာခဲ့ပါတယ်။ဘိုကလေးမြို့နယ် ၊ ဝဲချောင်းကျေးရွာ အထက(ခွဲ)ကျောင်းမှာ အထွေ ထွေသင်လုပ်သား အဖြစ်နဲ့ စာသင်ပါတယ်။

ကျောင်းဆရာဆိုပေမယ့် မင်းဘုဏ်းလူက နိုင်ငံရေးကို စိတ်အားထက်သန်ပါတယ်။ မိသားစု အပါအဝင် သူ့မွေးရပ်ရွာမှာ ရှိတဲ့သူတွေ အများစုက ကြံ့ခိုင်ရေးပါတီကို အားပေး ထောက်ခံကြသူတွေပါ။
မင်းဘုဏ်းလူကတော့ ပါတီနိုင်ငံရေးကို စိတ်မဝင် စားပါဘူး ။ “ကျွန်တော်က မှန်တာလုပ်မယ် ။ မှန်တဲ့အရာကို အားပေးမယ်ဆိုတဲ့ ခံယူချက်ပဲရှိတာ” လို့ သူ့ရဲ့ နိုင်ငံရေးခံယူချက်ကို ရှင်းပြပါတယ်။

သူဟာ အခြေခံပညာရေးလုပ်သားများသမဂ္ဂအဖွဲ့ဝင်တဦး ဖြစ်လာခဲ့ပါတယ်။၂၀၁၆ မှာ သမဂ္ဂက ဦးဆောင်ပြီး ဘိုကလေးမြို့မှာ ဖဲကြိုးနက်ကမ်ပိန်း နဲ့ ၂၀၁၈ ခုနှစ်က ဖဲကြိုးစိမ်းကမ်ပိန်းတွေမှာ မင်းဘုဏ်လူတို့ ပါဝင်ခဲ့ကြပါတယ်။အဲဒီလိုပဲ အစိုးရက စာသင်ကြားချိန်တွေကို ပြင်ဆင်ခဲ့ရာမှာလည်း ဒီလို ပြင်ဆင်မှုတွေက လိုအပ်ချက်ရှိနေသေးတယ် ၊ ထပ်မံပြင်ဆင်ရမယ်လို့ မင်းဘုဏ်းလူတို့က ယူဆပါတယ်။ ဒီတော့ သူက ကန့်ကွက်ကြောင်းလက်မှတ် တွေကို စုစောင်းရာမှာ ပါဝင်ခဲ့ကြပါတယ်။

အဲဒီလို နိုင်ငံရေးအလုပ်တွေ အားသန်တဲ့ မင်းဘုဏ်းလူတယောက် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ တော်လှန်ရေးသမားတဦးအဖြစ် မတရားမှုကို တွန်းလှန်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ “ကျွန်တော် အဝတ်နှစ်ထည်ယူပြီး အိမ်ပေါ်ကဆင်းလာတာ” လို့ မင်းဘုဏ်းလူက ပြောပါတယ်။
ပထမဆုံး ဘိုကလေးမြို့ကိုရောက်လာပါတယ်။ အရင်ကအသိတွေကို ချိတ်ဆက်ပြီး ဘိုကလေးမြို့မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မင်းဘုဏ်းလူက ဆန္ဒပြပွဲမှာ စကားပြောတာ ၊ တရားဟောတာလုပ်ပါ တယ်။ အဲဒါကြောင့် စစ်တပ်က မင်းဘုဏ်းလူအပါအဝင် သပိတ်ခေါင်းဆောင် ၅ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

မင်းဘုဏ်းလူ ရန်ကုန် ဆီ တိမ်းရှောင်ခဲ့ပါတယ်။ ဧရာဝတီတိုင်း အခြေခံပညာရေးလုပ်သားများသမဂ္ဂက အသိမိတ်ဆွေတချို့က သူ့ကို ကူညီပေးခဲ့ပါတယ်။တော်လှန် ရေးအင်အားစုတွေနဲ့ ချိတ်ဆက် မိပြီး ဖောက်ခွဲရေးသင်တန်းတွေ တက်ခဲ့ပါတယ်။
စစ်ကောင်စီက ထပ်ချပ်မကွာ လိုက်နေတာကြောင့် တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

အဲဒီလို လျှို့ဝှက် နေထိုင် လှုပ်ရှားရင်း ဘိုကလေးမြို့နယ်အတွက် လက်နက် တွေရမယ်လို့ တဦးက ချိတ်ဆက်လာတဲ့အတွက် မင်းဘုဏ်းလူ ပျော်ခဲ့ပါတယ်။ ပြင်ဦးလွင်လို့ ပြောပြီး သူ့ကိုခေါ်သွားပေမယ့် ကတယ်ရောက်သွားတာက ကရင်နီပြည်နယ် ပါ။ သင်တန်းတက် မှ လက်နက်ရမယ်ဆိုတာနဲ့ မင်းဘုဏ်းလူ စစ်သင်တန်း စတက်ရပါတယ်။ မြေဖြူကိုင်တဲ့လက်က မောင်းပြန်ကို ပြောင်းကိုင်ခဲ့ရပါပြီ။
နေထိုင်စရာတဲတွေကို ကိုယ်တိုင်လုပ်ရပါတော့တယ်။ ကတုတ်ကျင်းတွေ ၊ အိမ်သာတွင်းတွေ ကိုလည်း ကိုယ် တိုင်တူးရပါတယ်။ နေ့တိုင်းလည်း စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ တောထဲ ရောက်ခဲ့တာက ၂၀၂၁ ခုနှစ် မတ်လကုန် မှာပါ။မေလမှာ အခြေခံစစ်သင်တန်း ပြီးခဲ့ပါပြီ။မင်းဘုဏ်းလူကို လက်နက်ရမယ်ဆိုပြီး ခေါ်ခဲ့တဲ့သူက သူ့ကို တောထဲမှာ တယောက်တည်း ထားခဲ့ပါတော့တယ်။

“ဓားတချောင်း ၊ အသားတု ၂ ပိဿာ ၊ ဆန်တစိတ်နဲ့ တောတွင်းစခန်းမှာ ကျွန်တော်တယောက် တည်း ၂၇ ရက်ကြာတယ်ဗျာ” လို့ မင်းဘုဏ်းလူက သူ့ဘဝရဲ့ အမှတ်တရတခုကို ပြန်ပြောပြပါတယ်။ နောက်မှ တခြားတော်လှန်ရေး မိတ်ဆွေတဦးနဲ့ အချိတ်အ ဆက်ရပြီး တောတွင်းစခန်းကနေ အခြေစိုက် စခန်းတခုဆီကို ပြန်လည် ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်ကို ပြန်ချမယ်ဆိုတဲ့ အတွေးတခုတည်းသာရှိတဲ့ မင်းဘုဏ်းလူအတွက် ပထမဦးဆုံးသော တိုက် ပွဲအတွေ့အကြုံက ကရင်နီပြည် ဘော်လခဲမြို့နယ် မှာပါ။ ထောက်ပို့ယာဉ်တန်းကို ၂၀၂၁ ခုနှစ် ဇူလိုင် လမှာ မင်းဘုဏ်းလူတို့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပါတယ်။

ဒီတိုက်ပွဲမှာ မင်းဘုဏ်းလူ ပေါင်တဖက်နဲ့ ခါးတခြမ်းကို ထိသွားပါတော့ယ်။ တိုက်ပွဲက သေသေချာ ချာ အောင်မြင်မှု မရှိခဲ့ပါဘူး။ စစ်သားတွေက မင်းဘုဏ်းလူအနားကို ရောက်လာတဲ့အခါမှာ လက်ပစ် ဗုံးနဲ့ လှမ်းပစ်ပြီး တောင်စောင်းထဲကို လှိမ့်ဆင်းခဲ့ ရပါတော့တယ်။

တော်လှန်ရေး အင်အားစုတွေက မင်းဘုဏ်းလူကို လိုက်ရှာခဲ့ ပါတယ်။ မတွေ့ပါဘူး။ ဒါကြောင့်လည်း သေပြီလို့ သက်မှတ်လိုက် ကြပါတယ် ။ဒါပေမယ့် တိုက်ပွဲဖြစ်ပြီး ၄ ရက်မြောက်တဲ့နေ့မှာ မင်းဘုဏ်းလူကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ မင်းဘုဏ်းလူဟာ တိုက်ခိုက်ရေးကို ခဏနားလိုက်ရ ပါတော့တယ်။

ဒဏ်ရာသက်သာလာတဲ့အခါမှာတော့ ကရင်ပြည် နယ်အခြေစိုက် တပ်ရင်း ၁၁၀၁ တပ်ခွဲ ၄ မှာ ထောက်ပို့ တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းတိုက်ပွဲ ဝင်ရောက်နိုင်ချိန်မှာတော့ မိုးဗြဲ ၊ ဒီမော့ဆို့ ၊ ဖရူဆို ၊ လွိုင်ကော် ၊ ဖားဆောင်း ၊ ဘော်လခဲ နယ်မြေတွေမှာ တိုက်ပွဲအများအပြားကို ပြန် လည်ပြီး ပါဝင်ဆင်နွှဲခဲ့ပြန် ပါတယ်။
မင်းဘုဏ်းလူတယောက် ငယ်စဉ်က ကွဲကွာသွားတဲ့အကိုကြီးဖြစ်သူနဲ့ အဆက်အသွယ် ပြန်လည်ရရှိပြီ။ တပ်ဖွဲ့ချင်းကတော့ မတူပါဘူး။ လက်ရှိအချိန်မှာတော့ ကရင်နီပြည်လူမျိူးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ ထုတ်လုပ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပျားတူ စစ်လက်နက်ခဲယမ်း ထုတ်လုပ်​ရေးတပ်ဖွဲ့ ၊ ယမ်းချက်ဌာနမှာ ဌာနခွဲမှူးအနေနဲ့ မင်းဘုဏ်းလူက တာဝန်ထမ်းဆောင်နေ ပါတယ်။

“ကျွန်တော် ဒီနေရာကိုရောက်ဖို့ တော်လှန်ရေးမှာ နာမည်တလုံးရှိဖို့ အတော်ကြိုးစားခဲ့ရတာဗျ။ ကျွန်တော်ဆိုရင် ဒီကောင့် မိသားစုတွေက အစိမ်း ၊ ဒီကောင်ကိုယ်တိုင်က NLD ကို ဆန္ဒပြခဲ့တာ ၊ မယုံကြနဲ့။ ဒီလိုတိုက်ခိုက်တာတွေကို ကျွန်တော် ကျော်ဖြတ်ခဲ့ရဖူးတယ်”လို့ မင်းဘုဏ်းလူက ပြောပါတယ်။

အခုတော့ သူ့ရဲ့ ဆန္ဒက ဧရာဝတီကို ပြန်ချင်ပြီလို့ ပြောပါတယ်။
“ ကျွန်တော် ထွက်လာကတည်းက အိမ်မက်က ဧရာဝတီအိမ်မက်လေဗျာ။ ဖြစ်နိုင်ရင် ဘိုကလေးမှာ တိုက်ပွဲပြန်ဝင်ချင်တာ။ ကျွန်တော်မိတ်ဆွေ ဧရာဝတီသားတွေကတော့ အိမ်ပြန်နေကြပြီလေ” လို့ သူ ကပြောလာပါတယ်။

အခုချိန်အထိ မမြင်ဖူးသေးတဲ့ သမီးငယ်နဲ့ နိုင်ငံရေး ခံယူချက် မတူတဲ့ ဇနီးဖြစ်သူ ရှိတဲ့ အိမ်ကို ပြန်ရောက်နိုင်မလားဆိုတာတော့ သူ့အတွက် မသေချာပါဘူး။ဒါပေမယ့် သူ့အိပ်မက်က ဧရာဝတီဆိုတဲ့ အိမ်ကို ပြန်ရောက်နိုင်ဖို့ပါ။

တော်လှန်ရေးကြီး ပြီးတဲ့အခါ ဧရာဝတီမှာ အပင်စိုက်မယ်၊ တိရိစ္ဆာန်လေးတွေ မွေးမယ်၊ စာရေးမယ်လို့ စိတ်ကူးထားတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်မှာ ပြန်စရာအိမ်ကတော့မရှိတော့ဘူး။ တော်လှန်ရေးပြီးရင် ဖြစ်နိုင်ရင် ၊ ရီစရာအနေနဲ့ ဖြစ်စေ ပြောရရင် သခင်စိုးလိုမျိုးလေး နေပြီး သေသွားချင်တယ်” လို့ မင်းဘုဏ်းလူက ပြောပါတယ်။

#မြေဖြူကိုင်တဲ့လက် #တော်လှန်ရေးသမား #ကျောင်းဆရာ #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH