စပါးကျီလို့တင်စားတဲ့ဧရာဝတီကတောင်သူလယ်သမားတွေရဲ့အခြေအနေ

 

ကျုံပျော်မြို့နယ်မှာလယ် ၁၀ ဧက ကျော်ပိုင်ဆိုင်တဲ့ ကိုစိုးဝင်းကတော့  !!!! နွေစပါးတုန်းကလည်း အရင်းကျေရုံလေးရတာဆိုတော့ ခုမိုးစပါးမှာ ပိုပြီးစိုးရိမ်နေရတယ်။ ကိုယ်ပြန်ရုန်းနိုင်တဲ့ အခြေအနေအရ အထွက်နူန်းက သေချာပေါက်လျော့နိုင်တယ် ဈေးကပါ ကျမယ်ဆိုရင်တော့ ကျွန်တော်တို့တော့ ဖွတ်တက်ပြီပဲ !!!! လို့ ဆိုပါတယ်။

၁၇၊မေ။

– မြန်မာနိုင်ငံရဲ့ စပါးကျီလို့သတ်မှတ်ထားကြတဲ့ ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေဟာလည်း အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

စပါးဈေး၊ ပဲဈေးတည်ငြိမ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကြိုးစားပေးကြဖို့ ဧရာဝတီတိုင်းက လယ်သမားတွေနဲ့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို စာနဲ့တင်ပြတောင်းဆိုတာတွေပြုလုပ်ထားတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးကြတဲ့ စပါးအပါအဝင် ဆောင်းသီးနှံ နွေသီးနှံတွေဟာ မတည်ငြိမ်တဲ့ ဈေးကွက်အနေအထားနဲ့ ရုတ်တရက်ဈေးကျဆင်းမှုတွေကြောင့် တောင်သူအများစုဟာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ စိုက်ပျိုးရမယ့် မိုးစပါးနဲ့ပတ်သက်လို့ သွင်းအားစုနဲ့ ကုန်ကျစရိတ်နည်းပေမယ့် အများစုဟာ ကြဲခင်းအဖြစ်သာ စိုက်ပျိုးနိုင်ကြပြီး စပါးဈေးကွက်အခြေအနေ တည်ငြိမ်ဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ လယ်သမားရေးနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားနေသူတဦးကတော့  ကျွန်တော်တို့ ပြောနေတာ ကြာပြီ ခုထိဘာမှတော့ ဖြစ်မလာသေးဘူး။ ခုလည်း ဆက်တော့ပြောနေတယ်။ တချို့လယ်သမားတွေ ကြဲခင်းတော့ မချတော့ဘူးပြောတာတွေကိုလည်း ချော့မော့ပြီး ကြဲခင်းတော့ချဖို့ပေါ့ ပြောနေရတယ်   လို့ ရှင်းပြပါတယ်။

ဟင်္သာတခရိုင်ထဲက ကျေးရွာကြီးတခုမှာနေထိုင်ပြီး လယ်လုပ်သက် နှစ် ၃၀ ကျော်ရှိနေပြီဖြစ်တဲ့ ကိုအောင်ကျော်နိုင်ကတော့ လက်ရှိအခြေအနေဟာ အခက်ခဲဆုံးဖြစ်ပြီး ဘယ်လိုတွက်ချက် လုပ်ကိုင်ရလဲဆိုတာကို စဉ်းစားမရနိုင်ဘူးလို့ ပြောပါတယ်။

သူက  အရေးကြီးဆုံးကတော့ ဈေးကွက်တည်ငြိမ်ဖို့ပဲ အဲ့ဒါမှ ကျွန်တော်တို့က ဘယ်လိုတော့ လုပ်လို့ရမယ်ဆိုတာကို တွက်နိုင်မှာ။ ခုကတော့ လယ်မစိုက်လည်း ဘာလုပ်ရမှန်းမသိတော့ လယ်ပဲဆက်စိုက်ဖြစ်တယ်  လို့ ဆိုပါတယ်။

နွေစပါးလောက် သွင်းအားစုတွေ မများပေမယ့် မိုးစပါးမှာ အကြောက်ရဆုံးဟာ ခရုအန္တရာယ်ဖြစ်ပြီး သမန်းကြဲခင်းတွေဆိုရင် ခရုတွေက ပိုမိုများပြားလွယ်သလို အထွက်နူန်းကိုလည်း စိုးရိမ်နေရတယ်လို့ မြောင်းမြမြို့နယ်က လယ်သမားတဦးကဆိုပါတယ်။

ကျုံပျော်မြို့နယ်မှာလယ် ၁၀ ဧက ကျော်ပိုင်ဆိုင်တဲ့ ကိုစိုးဝင်းကတော့  နွေစပါးတုန်းကလည်း အရင်းကျေရုံလေးရတာဆိုတော့ ခုမိုးစပါးမှာ ပိုပြီးစိုးရိမ်နေရတယ်။ ကိုယ်ပြန်ရုန်းနိုင်တဲ့ အခြေအနေအရ အထွက်နူန်းက သေချာပေါက်လျော့နိုင်တယ် ဈေးကပါ ကျမယ်ဆိုရင်တော့ ကျွန်တော်တို့တော့ ဖွတ်တက်ပြီပဲ  လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက စပါးအပါအဝင် လယ်ယာထွက်ကုန် သီးနှံတွေ ရုတ်တရက် ဈေးကျဆင်းသွားတာကြောင့် တောင်သူလယ်သမား အဖွဲ့အစည်းတွေက တည်ငြိမ်သင့်လျော်တဲ့ ဈေးကွက်တခု ဖော်ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေစီကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းကလည်း စပါးနဲ့ပတ်သက်လို့ ရည်ညွှန်းဈေးတွေ ထုတ်ပြန်နေပေမယ့် အမှန်တကယ် မြေပြင်မှာတော့ လက်ရှိအချိန်ထိ စိုက်ပျိုးသူတွေအတွက် အဆင်ပြေသင့်လျော်နိုင်မယ့် ဈေးကွက်မျိုး မဖန်တီးနိုင်သေးပါဘူး။

ဒါ့အပြင်ဒေးဒရဲမြို့နယ် မှာ လယ်ပိုင်ရှင်တွေက လယ်မြေတွေကို သီးစားချထားပေးလိုပေမယ့် သီးစားရယူပြီးတော့ လယ်လုပ် ကိုင်လိုသူတွေ မရှိဖြစ်နေတယ်လို့သိရပါတယ်။

လယ်မြေကို သီးစားချထားပေးတယ်ဆိုတာကတော့ လယ်အငှားလုပ်ကိုင်သူက လယ်ပိုင်ရှင် ကို တရာသီစိုက်ပျိုးခအနေနဲ့ တဧကကို စပါး တင်း၁၀ နှုန်း ပြန်ပေးတာကို ဆိုလိုတာပါ။

!!! အခုက သီးစား ချတဲ့လူလည်းမကိုက်ဘူး။ သီးစားလုပ်တဲ့လူလည်းမကိုက်ဘူး !!!!လို့ ဒေးဒရဲမြို့နယ် ၊ တော်ကမယ်ကျေး ရွာအုပ်စုမှာ နေထိုင်သူကပြောပါတယ်။

ဧရာဝတီတိုင်းမှာ အသားတင်စိုက်ပျိုးမြေ ဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါး စိုက်ပျိုး ဧက ၃၈ သိန်း ဝန်းကျင်ရှိတယ်လို့  ဧရာဝတီတိုင်း စိုက်ပျိုးရေး ဦးစီး ဌာန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။