ကွင်းကောက်မြို့ပေါ်မှာတော့ အုပ်ချုပ်ရေးမှူး ကိုသိန်းစိုး ဦးဆောင်ပြီး ပြည်သူ့စစ်တွေနဲ့အတူ ကင်းလှည့်နေတယ်လို့ သိရပါတယ်။
၁၅၊မေလ။
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် နဲ့ အင်္ဂပူမြို့နယ် အစပ်မှာ ရှိတဲ့ ဘဲ့ပြားကုန်း နဲ့ စာစီကုန်း ကျေးရွာတွေကို တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်လာအပြီးမှာ အင်္ဂပူမြို့နယ်ထဲမှာ ရှိတဲ့ ပိန္နဲကွင်းရွာဒေသခံတွေ စစ်ရှောင်ကြပြီလို့ သိရပါတယ်။
“ပိန္နဲကွင်းကလူတွေက တော်တော်များများ မရှိကြတော့ဘူး ။ ရှောင်နေကြပြီ။ ပိန္နဲကွင်း ၊ ၃၁ သစ်စက်ပြီးရင် ဘဲ့ပြားကုန်းဆိုတော့ အတော်နီးသွားပြီလေ”လို့ ကွင်းကောက်မြို့ခံတဦးက DNA ကိုပြောပါတယ်။ကွင်းကောက်နဲ့ ပိန္နဲကွင်းမှာ ၅ မိုင်ခန့်သာ အကွာအဝေး ရှိပြီး လက်ရှိ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ဘဲ့ပြားကုန်းရွာက ၇ မိုင်ခန့်သာ အကွာအဝေး ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး တလပြည့်ဖို့ ၂ ရက်အလိုမှာ ဘဲ့ပြားကုန်းနဲ့ စာစီကုန်းရွာတွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူဆရတဲ့ အခြေအနေပါ။ ဘဲ့ပြားကုန်းနဲ့ စာစီကုန်းကျေးရွာက ဒေသခံတွေကို တော်လှန်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ခေါ်သွားတယ်လို့လည်း ဘဲ့ပြားကုန်းရွာ အနီး လယ်တန်ငယ်ရွာခံတဦးက ပြောပါတယ်။
ကွင်းကောက်မြို့ပေါ်မှာတော့ အုပ်ချုပ်ရေးမှူး ကိုသိန်းစိုး ဦးဆောင်ပြီး ပြည်သူ့စစ်တွေနဲ့အတူ ကင်းလှည့်နေတယ်လို့ သိရပါတယ်။
“အုတ်ကြီးကတော့ ကျည်ကာအင်္ကျီတွေနဲ့ သေနတ်နဲ့ လက်ပစ်ဗုန်းနဲ့ ဘေးမှာ ဘော်ဒီဂတ်ကလည်း ၈ ယောက်လောက်ပါတယ် ။ ကင်းလှည့်နေတယ် ။သူက နဂိုကတည်းက အဘဦးသိန်းအောင် လူလေ”လို့ ကွင်းကောက်မြို့ခံတဦးက ပြောပါတယ်။