ဧရာဝတီတိုက်ပွဲဆက်စပ်ဒေသတွေမှာအရပ်သားတွေ မတရားဖမ်းဆီးခံနေရ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရေကြည်၊

အင်္ဂပူ၊ လေးမျက်နှာစတဲ့ မြို့နယ်တွေထဲမှာ အခုလို ဖမ်းဆီးမှုတွေ ရှိနေတာဖြစ်ပြီး အဖမ်းခံရသူတွေဟာ သာမန်အရပ်သားတွေလို့ ဆိုပါတယ်။

၁၂၊ မေ

ဧရာဝတီတိုင်းအတွင်းမှာ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာအတွင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်စတဲ့ မြို့နယ်တွေထဲမှာ အခုလို ဖမ်းဆီးမှုတွေ ရှိနေတာဖြစ်ပြီး အဖမ်းခံရသူတွေဟာ သာမန်အရပ်သားတွေလို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညနေကပဲ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေရောက်လာပြီး လှော်ကထား၊ လယ်ဦးစု၊ စိန်တောင်၊ ရေသိုးရွာတွေကနေ ဒေသခံအမျိုးသားစုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အကုန် ခြောက်ယောက်၊ ကားပေါ်မှာ ဖမ်းပြီး ကြိုးတုပ်ထားတယ်တဲ့” လို့ လှော်ကထားရွာက မျက်မြင်တဦးက ပြောပါတယ်။

ဖဲဝိုင်းကို အကြောင်းပြုပြီး စစ်ကောင်စီတပ်က အခုလို လာရောက်ဖမ်းဆီးတာလို့ ပြောကြတာတွေလည်းရှိပေမယ့် အဲဒီဒေသခံကတော့ ငြင်းဆိုပါတယ်။

“ဖဲဝိုင်းကို မိတာတော့မဟုတ်ဘူး၊ ဓာတ်ဆီနဲ့ ဆန်အိတ်ကို သတ်မှတ်ထားတာထက် ပိုဝယ်လို့ (ဖမ်းတာ)လို့ ကြားတယ်” လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် အဖမ်းခံရသူတွေရဲ့ ဆိုင်ကယ်သုံးစီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အခုလိုဖမ်းဆီးသွားသူတွေရဲ့ နာမည်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ DNA အနေနဲ့ အတိအကျမသိရသေးပါဘူး။

လှော်ကထားရွာဟာ ဧပြီ ၁၇ ရက်မှာ အာရက္ခတပ်တော်က  သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေတဲ့ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ ပန်းတောကြီးရွာနဲ့ ခုနစ်မိုင်ခန့်အကွာမှာရှိပါတယ်။

အလားတူပဲ လှော်ကထားရွာရဲ့အရှေ့ဘက် ပုသိမ်မြစ်တဖက်ကမ်းမှာရှိတဲ့ အိုင်သပြုမှာလည်း အခုရက်ပိုင်းအတွင်းမှာပဲ အုပ်ချုပ်ရေးမှူးဟောင်း ကိုမောင်လွင်နဲ့ ကိုအောင်မြင့်ထွန်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဆိုကြပါတယ်။

“(နောက်ဆက်တွဲ)ဘာသတင်းမှ မကြားရသေး၊ နောက်ထပ်ဆွဲမယ်ကြားလို့ သတိနဲ့နေရတယ်” လို့ အိုင်သပြုဒေသခံတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ ညနေပိုင်းကလည်း အင်္ဂပူမြို့နယ်၊ စောပြာကျေးရွာက လူငယ်သုံးဦးကို နိုင်ငံရေးနဲ့ ဆက်နွယ်မှုရှိလို့ဆိုကာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးပြီး ကွင်းကောက်အခြေစိုက် အမှတ် ၅ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက ၅) ထဲကို ခေါ်ဆောင်သွားတယ်လို့ ပုသိမ် သတင်းအထူးတပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီ တတက ၅ ဟာ ဧရာဝတီတိုင်းထဲက စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေကို အဓိက သင်တန်းပေးနေတဲ့နေရာဖြစ်ပြီး လက်ရှိမှာလည်း သင်တန်းသား လေးရာဝန်းကျင်အထိ ရှိနေပါတယ်။

တဖက်မှာလည်း လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို အာရက္ခတပ်တော် ဘက်က လိုက်လံဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

တိုက်ပွဲတွေကြောင့် ပန်းတောကြီးရွာကနေ တိမ်းရှောင်လာရတဲ့ ဒေသခံအမျိုးသမီးတဦးကတော့ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့စစ် လေးဦးထက်မနည်း ရှိတယ်လို့ ပြောပေမယ့် DNA အနေနဲ့ကတော့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

အလားတူပဲ ပြီးခဲ့တဲ့ ဧပြီလထဲကလည်း တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငသိုင်းချောင်းမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အဲထဲကတချို့ ပြန်လွတ်လာပေမယ့် လက်ရှိအချိန်ထိ အဖမ်းခံထားရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။