နွေဦးသန့်မှမြစ်သန့်တယ်

 

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့အသက်သွေးကြောမြစ်ကြီးတစင်းဖြစ်သလို ကမ္ဘာ့နိုင်ငံအသီး
သီးမှာလည်း သူတို့အတွက်အထင်ကရမြစ်ကြီးတွေ စီးဆင်းနေကြပါတယ်။မြစ်တွေဟာ တော
တောင်တွေကိုဖြတ်တယ်၊လွင်ပြင်နဲ့ကုန်းမြေတွေကိုဖြတ်တယ်၊ ကျောက်စိုင်ကျောက်ခဲတွေကိုဖြတ်တယ်၊ ကျေးရွာနဲ့မြို့ပြတွေကိုဖြတ်တယ်၊ဖြောင့်တန်းစွာစီးဆင်းသလိုကွေ့ကောက်စွာလည်းစီးဆင်းတယ်၊ဒီလောက်ဘဲလား။

မြစ်များစီးဆင်းတဲ့အကြောင်းကို မြစ်ဝကျွန်းပေါ်သား ကဗျာဆရာမောင်အောင်ပွင့်က
ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ကဗျာရှည်တပုဒ်ရေးသားခဲ့ပါတယ်။
 ကဗျာအဖွင့်မှာ ၁၉ရာစုနိုင်ငံရေးပညာရှင်ဂျွန်ဘန်းရဲ့စကားနဲ့စဖွဲ့ပါတယ်။

“စိန့်လောရင့်မြစ်ဟာ ရေပဲ
ပြီးတော့ မစ္စစပီမြစ်ဟာ ရွံ့နောက်ရည်တွေ

ဒါပေမဲ့ သိမ်းမြစ်မှာတော့ သမိုင်းအရည်တွေဗျို့
ကိုယ့်ပြည်ကိုယ့်မြစ်ကို ကိုယ်ချစ်လို့ ပျစ်ပျစ်နှစ်နှစ်ပြောထည့်ဝံ့တာ
ငါသဘောတူတယ်”လို့ စဖွင့်ပါတယ်။

ကဗျာဆရာက  ကမ္ဘာပေါ်က ဘယ်မြစ်ဖြစ်ဖြစ် သမိုင်းအရည်တွေနဲ့စီးဆင်းနေတယ်လို့ဆိုချင်ပုံပါ။
ငါဟာ တို့တွေချစ်တဲ့ဧရာဝတီမြစ်ဝှမ်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ယောင်ထုံးမှာ
ဂင်္ဂါမြစ်ဝှမ်းသား မဟတ္တမဂန္ဓီဂျီးရဲ့ နံရိုးပြိုင်းပြိုင်းတွေကြားမှာ……
သူတို့ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် အချစ်စိတ်တွေ တဖိတ်ဖိတ်ပြိုးပြက်လင်းလက်နေတာ
ငါအခါခါ ပူဇော်မိပါရဲ့” လို့ ဧရာဝတီနဲ့ဂင်္ဂါတို့ရဲ့ တိုင်းချစ်ပြည်ချစ်သမိုင်းအရည်တွေကိုလည်းဖွဲ့နွဲ့ပြန်ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ထဲက ခေါင်းတရာသင်္ချိုင်း ကံဆိုးရွာရှိခဲ့ရာ ကျုပ်တို့မြစ်ဝကျွန်းပေါ်က ပေပင်မော်ချောင်း
ကလေးဟာလည်း သမိုင်းအရည်တွေနဲ့စီးဆင်း နေပါတယ်လို့ ဆိုပါတယ်။

ရောဟဏီမြစ်မှာ ရေလုစစ်ပွဲကြီးဖြစ်လုဆဲကို တားတော်မူနိုင်တဲ့ဗုဒ္ဓ၊ တိဂရစ်မြစ်မှာ

မင်လက်ရေးစာပေတွေကြဲချဖျက်ဆီးပစ်တဲ့ မွန်ဂိုဘုရင် ဟူလာလူ၊ အတ္တအမှန်ဝါဒကိုထုတ်ဖော်တဲ့
ပြင်သစ်ပြည့်သူ့မြစ်ဝှမ်းက ယန်းပေါဆတ်၊ ရိုင်းမြစ်အရှေ့ဘက်ကမ်းကမြို့တွေကိုသိမ်းယူပြီး မြေမှာကျနေတဲ့ပြင်သစ်သရဖူကြီးကို ငါ့လက်သုံးတော်ဓားနဲ့ကောက်ယူခဲ့တယ်လို့ဝံ့ကြွားခဲ့တဲ့ နပိုလီယန်ဘိုနာပတ်၊ အနုပညာလက်ရာတွေနဲ့ထုံမွှမ်းနေတဲ့ ဖလော့ရင့်မြေကို တလက်မမှ ဗုံးဒဏ်မခံစေရဆိုတဲ့ အီတလီ အာနိုမြစ်ပေါ်က မိုက်ကယ်အိန်ဂျလို၊ ငြိမ်းချမ်း ရေးနဲ့ချိုးဖြူကိုမွေးတဲ့ စပိန်ပြည်သူ့မြစ်ဝှမ်းသား ပီကာဆိုစတဲ့ သမိုင်းအရည်တွေနဲ့မြစ်များ စီးဆင်းတဲ့အကြောင်းကို ကဗျာဆရာကဖွဲ့ပါတယ်။

 ကဗျာထဲမှာ နပိုလီယန်တို့လို ခေတ်အဆက် ဆက် အာဏာရှင်တွေက အကြောက်တရားဖြင့်
အုပ်ချုပ်ပုံကို ကြောက်ဆေးကိုမြစ်ကြီးထဲဖျော်တိုက်တယ် မကြောက်ဆေးဆိုလို့
လက်ဘက်ရည်ဇွန်းတဝက်စီလောက် ဘယ်သူ ဘယ်တုန်းက တိုက်ကျွေးဖူးလို့လဲဗျာ။

“မက္ခရာဗီလီရဲ့အဆိုကို ငါပြောင်းပြန်လှန်ပစ်မယ် ကြောက်နေဖို့ထက် ချစ်ဖို့ကပိုအရေးကြီးတယ်”
လို့ကဗျာဆရာက တုံ့ပြန်ပါတယ်။ ကဗျာရှည်ကြီးရဲ့အဆုံးမှာတော့ …..
နွေဦးသန့်မှမြစ်သန့်တယ်
နွေဦး သန့်ပါသလား
မိုးဦး ဆောင်းဦးကောသန့်ပါသလား
မြစ်ဝှမ်းသားတွေက သောက်ရေကို
မြစ်လယ်ထွက်ခပ်ရင် တော်သေးရဲ့ဆိုကြတယ်။
ငါဟာမြစ်တစင်းဖြစ်တယ်
ငါ့ကမ်းဝဲယာတလျှောက်
ဥယျာဉ်တွေဖြစ်တယ် စိုက်ပျိုးမြေတွေဖြစ်တယ်
ကဗျာတွေသီးတယ် ပွင့်တယ်
ထပ်ပြောတယ်
ငါဟာမြစ်တစင်းဖြစ်တယ်။

ကဗျာဆရာမောင်အောင်ပွင့်ဟာ သူမြင်ချင်တဲ့ ငြိမ်းချမ်းရေးညစာစားပွဲကို မမြင်ရဘဲ နွေဦး
တော်လှန်ရေးမတိုင်မီကပင် ထွက်ခွာသွားခဲ့ပါပြီ။

ဆရာရေ….နွေဦးလည်းသန့်ပါတယ်။ မြစ်တွေလည်းသန့်ပါတယ် ဆရာချစ်တဲ့ဧရာဝတီ၊သံလွင်၊ချင်းတွင်း၊စစ်တောင်းမြစ်တို့မှမဟုတ်ပါဘူး ဆရာကျင်လည်ခဲ့ရာ ငဝန်မြစ်ဝှမ်းများမှာလည်း သမိုင်းအရည်တွေဟာအရှိန်အဟုန်နဲ့စီးဆင်းနေဆဲပါဆရာ။